NLD ပါတီအနိုင်ရတဲ့အပေါ် ဝမ်းမြောက်ကြောင်း UWSA အကြီးအကဲ သဝဏ်လွှာပို့

18-Nov-2020

နိုဝင်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ (၈၃) ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို "ဝ" ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA စစ်သေနာပတိချုပ် ဦးပေါက်ယူချန်းက ဝမ်းမြောက်ကြောင်းသဝဏ်လွှာ မနေ့ကပေးပို့လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ တစ်နိုင်ငံလုံး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းတဲ့ခရီးစဉ်မှာ အောင်မြင်မှုရဖို့ ဆုတောင်းတယ်လို့လည်း အဲ့ဒီသဝဏ်လွှာမှာဖော်ပြထားပါတယ်။

မနေ့ကပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း "ဝ" ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့က ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်နဲ့ တပ်ဖွဲ့ဝင်တွေကို တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီလိုတွေ့ဆုံချိန်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ တိုက်တွန်းခဲ့ကြောင်း တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

"ဝ" ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အင်အားအတောင့်တင်းဆုံးဖြစ်ပြီးတော့ NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က ကျင်းပတဲ့ UWSA နှစ်(၃၀) ပြည့်အခမ်းအနားကိုလည်း NLD ပါတီဥက္ကဋ္ဌ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပေးပို့ခဲ့ဖူးပါတယ်။

အဲ့ဒီသဝဏ်လွှာမှာလည်း NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

"ဝ" ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ UWSA စစ်သေနာပတိချုပ် ဦးပေါက်ယူချန်းက နှစ်(၃၀)ပြည့်အခမ်းအနားမှာပြောဆိုထားပါတယ်။

အစိုးရနဲ့ တပ်မတော်ဘက်က NCA မှာ လက်မှတ်ရေးထိုးဖို့ “ဝ”တပ်ဖွဲ့ကို မကြာခဏ တိုက်တွန်းလေ့ရှိပေမယ့် “ဝ” ကတော့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့လုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေ၊ သဘောတူညီမှုတွေပါမှ NCA လက်မှတ်ရေးထိုးရေးဖြစ်နိုင်မယ်လို့ UWSA ပြောခွင့်ရ ဦးညီရမ်းက RFA ကိုဒီနေ့ ပြောပါတယ်။