"ဝန်းသို"

ဝန်းသိုမြို့နယ်သည် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၈ စု၊ ကျေးရွာပေါင်း ၁၇၉ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၇၇၄၂၆ ခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၅၁၀.၁၃ စတုရန်းမိုင်ရှိပါသည်။ ၀န်းသိုမြို့နယ်၏ အရှေ့ဘက်တွင်ထီးချိုင့်မြို့နယ်၊ ကောလင်းမြို့နယ်၊ အရှေ့ မြောက်အရပ်တွင် အင်းတော်မြို့နယ်၊ မြောက်အရပ်တွင် ဗန်းမောက် မြို့နယ်၊ အနောက်အရပ်တွင် ပင်လည်ဘူးမြို့နယ်၊ တောင်အရပ်တွင် ကောလင်းမြို့နယ်တို့နှင့် နယ်နမိတ်ချင်း ဆက်စပ်တည်ရှိပါသည်။ အရှေ့အရပ်တွင် မင်းဝံတောင်ရိုး ၁၅၀၀ပေ၊  အနောက်အရပ်တွင် မှန်ကင်းတောင် ၃၉၉၈ ပေ၊ ပင်းအိုတောင် ၄၀၄၆ ပေ၊ နွားလဘို့တောင် ၁၁၀၀ ပေ၊ မိုင်းသုံတောင် ၅၃၅၅ ပေနှင့် မင်းလယ်တောင် ၁၀၇၆ ပေရှိပြီး အလယ်ပိုင်း တစ်လျှောက်တွင် လယ်ကွင်းများ စိုက်ခင်းများ တည်ရှိပါသည်။

ဝန်းသိုမြို့နယ်အတွင်း ထင်ရှားသည့် ချောင်းများမှာ ဒေါင်းမြူးချောင်း၊ နန်းလိုင်းချောင်း၊ နတဲချောင်း၊ လိပ်စောချောင်း၊ ဆည်ရွာချောင်း၊ ဘုံချောင်း(ချောင်း)၊ ဆီဂါချောင်း၊ ပန်းညိုချောင်း၊ ဒုံးဒုတ် ချောင်းများဖြစ်သည်။ ဝန်းသိုမြိုနယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့် ၇၀၀ ပေမှ ၁၀၀၀ ပေအထိ မြင့်မားပါသည်။ မြို့နယ်၏ အမြင့်ဆုံးအရပ်ဒေသမှာ ရွှေပန်းသီတာရပ်ကွက်၊ ကျော်ထွန်းရပ်ဖြစ်ပြီး၊ အနိမ့်ဆုံးအရပ်ဒေသမှာ ဆီဆုံကုန်း ရပ်ကွက်ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

မြန်မာသက္ကရာဇ် ၃၀၃ ခုနှစ်တွင် သင်တိုင်းတောင်နှင့် ဒေါင်းမြူးချောင်းဆုံရာ ဖိုခနောက်နေရာတွင် ရှမ်းအခေါ် ကြိုင်းဆေးမြို့ကို တည်ထောင်ခဲ့ပါသည်။ မြန်မာဘာသာဖြင့် ကျားခနောက်မြို့ဟု အမည်ခေါ်သည်။ မြို့အမည် အဆင့်ဆင့် ပြောင်းလဲမှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

(က) ၃၀၃ ခုနှစ်၊ သိုဟုန်ဘွားလက်ထက်                         - ကြိုင်းဆေး

( ခ ) ၇၀၅ ခုနှစ်၊ ဟော်မိုဟန်လက်ထက်                        - ကြိုင်းဆို

( ဂ ) ၇၅၀ ခုနှစ်၊ ခွန်ဆိုင်လက်ထက်                              - မိန်းဆို

(ဃ) ၈၀၀ ခုနှစ်၊ စောခန်းကြည်လက်ထက်                     - ကြိုင်းကောင်း

( င ) ၉၀၀ ခုနှစ်၊ စောညီလက်ထက်                               - သင်းလဲစင်လဲ

( စ ) ၁၀၀၀ ခုနှစ်၊ ငရသူလက်ထက်                               - ဗျဂ္ဃပူရ

 (ဆ) ၁၁၂၅ ခုနှစ်၊ စော်ဘွားငအောင်ညိုလက်ထက်           - ၀န်းသို

ဝန်းသိုမြို့နယ်တွင် စော်ဘွား (၂၆၄)ဆက်၊ စစ်ကဲ(၃)ဆက်၊ စော်ဘွားကြီး(၄)ဆက်၊ မြို့သူကြီး(၈)ဆက်ရှိခဲ့ပါသည်။ ဝန်းသိုမြို့၏ နောက်ဆုံးစော်ဘွားမှာ အင်္ဂလိပ်တို့အား ဒူးမထောက်လက်မမြောက် ရွပ်ရွပ်ချွန်ချွန် တော်လှန်တိုက်ခိုက်ခဲ့သော အာဇာနည်စော်ဘွားကြီး ဦးအောင်မြတ်ဖြစ်ပါသည်။

Attractions in ဝန်းသို