"လှိုင်သာယာ"

လှိုင်သာယာမြို့နယ်သည် မြို့နယ်အကျယ်အဝန်း ၂၂.၆၄ စတုရန်းမိုင်ကျယ်ဝန်းပြီး မြို့နယ်အတွင်း လူဦးရေစုစုပေါင်း ၄၄၀၉၄၉ ခန့်နေထိုင်ပါသည်။ လှိုင်သာယာမြို့နယ်၏ အရှေ့ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး (မြောက်ပိုင်းခရိုင်) အင်းစိန်မြို့နယ် ၊ အနောက်ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး (မြောက်ပိုင်းခရိုင်) ထန်းတပင်မြို့နယ်၊ တောင်ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး (တောင်ပိုင်းခရိုင်) တွံတေးမြို့နယ်၊ မြောက်ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး (မြောက်ပိုင်းခရိုင်) ရွှေပြည်သာမြို့နယ်တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိပါသည်။

လှိုင်သာယာမြို့နယ်တွင် ပန်းလှိုင်မြစ်သည် အနောက်မှ အရှေ့သို့ စီးဆင်းပြီး မြောက်မှတောင်သို့ စီးဆင်းသော လှိုင်မြစ်အတွင်းသို့ ပေါင်းဆုံပါသည်။ ပန်းလှိုင်မြစ်သည် တိမ်ကောနေသဖြင့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် မြစ်ကြောင်းပြန်လည်တူးဖော်ခဲ့ရာ မြစ်ကြောင်းတစ်လျှောက်စက်လှေ များသွားလာနိုင်ပြီဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

လှိုင်သာယာမြို့နယ်သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် လှိုင်သာယာမြို့နယ်အဖြစ် စတင်ဖွဲ့စည်းခေါ်ဆိုခဲ့ပါ သည်။ ၁၉၈၉ ခုနှစ် မတိုင်မီ(ယခင်) အင်းစိန်မြို့နယ်၊ သာယာကုန်း ကျေးရွာ၌ မြို့ကွက်ဖော်ထုတ်ပြီး မရမ်းကုန်မြို့နယ် ၊ စိန်ပန်းမြိုင် ရပ်ကွက်မှ မီးဘေးဒုက္ခသည်များအား ၁၉၈၅ ခုနှစ်တွင် စတင်နေရာ ချထားပေးခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် တောင်ဥက္ကလာပမြို့နယ်၊ သင်္ကန်းကျွန်းမြို့နယ်(နှင်းဆီကုန်း)နှင့် ကမာရွတ်မြို့နယ် (နာနတ်တော) တို့မှ မီးဘေးဒုက္ခသည်များကို ထပ်မံနေရာချထားပေးခဲ့ပါသည်။ ထို့နောက်ရန်ကုန်မြို့၏များပြားလာသော လူနေမှုကြောင့်ပေါ်ပေါက် လာသော ကျူးကျော်များအား နေရာချထားပေးရန် အင်းစိန်မြို့နယ် မှ သာယာကုန်း ၊ ကစင် ၊ ရှမ်းချောင်း ၊ ညောင်ရွာ ၊ အလယ်ရွာ စသည့် ကျေးရွာအုပ်စု ၅ အုပ်စုအား လည်းကောင်း၊ ထန်းတပင် မြို့နယ်မှ သောင်ကြီး၊ ရေဥက္ကံ၊ ရွှေလင်ပန်း၊ အတွင်းပဒံ၊ အပြင်ပဒံ၊ ကုလားကြီးစုစသည့် ကျေးရွာအုပ်စု ၆ အုပ်စုအား လည်းကောင်း မြို့ကွက်ဖော်ထုတ်၍ မီးဘေးသင့်သူများ ၊ ကျူးကျော်နေထိုင်သူ များအား နေရာချထားပေးခဲ့ပြီး ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၏ ၁၃.၇.၁၉၈၉ ရက်စွဲပါ အမိန့်ကြေငြာစာအမှတ်၊ ၂ / ၃၀၆/အထ၂ ဖြင့် လှိုင်သာယာမြို့နယ်အဖြစ် ရပ်ကွက် ၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၉ အုပ်စုဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းသို့ ဖွဲ့စည်းပေးခဲ့ပြီးနောက် မြို့နယ်အတွင်း လူနေထိုင်မှုမှာ တစ်စတစ်စ များပြားလာသဖြင့် နယ်မြေအကျယ်အဝန်းနှင့် လူနေထိုင်မှုအရ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများ လက်လှမ်းမှီစေရန်အတွက် လှိုင်သာယာမြို့နယ်အား ရပ်ကွက် ၂၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၉ အုပ်စုတို့ဖြင့် ပြန်လည်ဖွဲ့စည်းပေးရန် အဆိုပြု တင်ပြခဲ့သဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ၃၀.၃.၁၉၉၅ ရက်စွဲပါ စာအမှတ်၊ ၂/၃၀၆/အထ-၂ ဖြင့် အဆိုပြုခဲ့သည့်အတိုင်း ပြင်ဆင်ဖွဲ့စည်း ခွင့်ပြုခဲ့ပါသည်။

Attractions in လှိုင်သာယာ