"ရေး"

ရေးမြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၄)၊ ကျေးရွာအုပ်စု (၃၀)၊ ကျေးရွာပေါင်း (၁၃၉) ရွာရှိပြီး စုစုပေါင်း လူဦးရေမှာ (၂၇၄၀၀၀) ကျော် နေထိုင်လျက်ရှိသည်။ ရေးမြို့နယ်သည် အရှေ့မှအနောက်သို့ (၂၂) မိုင်၊ တောင်မှမြောက်သို့ (၅၀) မိုင် ရှည်လျားသည်။ ရေးမြို့နယ်သည် (၄၄၅.၀၅) ဧရိယာစတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ဘက်တွင် ရေဖြူမြို့နယ်၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်နှင့် မြောက်ဘက်တွင် သံဖြူဇရပ်မြို့နယ်တို့နှင့် ထိစပ်လျက် ရှိပါသည်။ ရေးမြို့နယ်၏ မြေမျက်နှာပြင် (၅) ပုံ (၃) ပုံခန့်သည် တနင်္သာရီရိုးမ တောင်တန်း တောင်စွယ်များပေါ်တွင်တည်ရှိပြီး အမြင့်ဆုံးတောင်မှာ ဆေးတောင် (၄၂၅၉) ပေဖြစ်သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှ ပေ (၇၀) ခန့်တွင် ရှိသည်။ မြစ်ချောင်းများ ပေါများပြီး အရှေ့မှအနောက်သို့ စီးဆင်းလျှက်ရှိသည်။ ရေးမြစ်မှာ ထင်ရှားပြီး ရေးမြို့အနီးမှဖြတ်၍ အရှေ့ဘက် တောင်ညိုတောင်တန်းမှ အနောက်ဘက် ကပ္ပလီပင်လယ်အတွင်းသို့ စီးဆင်းပါသည်။ ရေအရင်းအမြစ် အများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေး၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်သည်။ နွေရာသီတွင် ရေးမြစ်၏ ရေအနက်မှာ (၁၈) ပေခန့်သာရှိ၍ စက်လှေများ သွားလာနိုင်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး၊ အမြင့်ဆုံးအပူချိန်မှာ (၄၁˚C) ဖြစ်သည်။ မိုးများသော ဒေသဖြစ်၍ ရေဘေးအန္တရာယ် ကျရောက်လေ့ရှိသည်။ စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး ရေလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။ အခြားဒေသများသို့ ကုန်းလမ်း၊ ရေလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ရာဘာနှင့် ကွမ်းသီးမှာ အဓိကထွက်ကုန် ဖြစ်သည်။

Attractions in ရေး