"အုတ်ဖို"

အုတ်ဖိုမြို့နယ်သည် ရပ်ကွက် ၁၀ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၃ စု၊ ကျေးရွာပေါင်း ၂၅၄ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၁၃၄၈၁၃ ဦးခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၄၀၅.၄၈ စတုရန်းမိုင်ရှိပါသည်။ အုတ်ဖိုမြို့နယ်၏ အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောင်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင်ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်နှင့်ထိစပ် လျက်ရှိပြီး မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

အုတ်ဖိုမြို့နယ်သည်အရှေ့ဘက်တောင်တန်း ထူထပ်သော အပိုင်း၊ အလယ်ပိုင်း မြေညီလွင်ပြင်၊ အနောက်ဘက် ၊ အင်း၊ အိုင်၊ ချောင်း၊ မြောင်း ထူထပ်သောအပိုင်းဟူ၍ ရှိပါသည်။ မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသောချောင်းမှာ ဂမုန်းချောင်းနှင့် မြောင်ချောင်းတို့ဖြစ်ပြီး မြစ်မခ မြစ်သို့စီးဝင်ပါသည်။ ဂမုန်းချောင်းအား ဂမုန်းဆည်မှ ဆည်ရေလွှတ်ပေးရာတွင် အသုံးပြုပါသည်။ မြို့နယ်၏အမြင့်ဆုံး အရပ် ဒေသမှာ အရှေ့ဘက် ပဲခူးရိုးမတောင်ဖြစ်ပြီး အနိမ့်ဆုံးအရပ်ဒေသမှာ အနောက်ဘက် မှက္ကဒန်ကျေးရွာ အုပ်စု ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

လွန်ခဲ့သောနှစ်ပေါင်း(၁၆၀)ခန့်က၊ ယခုအုတ်ဖိုရွာမသည် ရွာသိမ် ရွာငယ်မျှသာ ဖြစ်ပါသည်။ ပထမတွင်ယင်းရွာငယ်ကိုတဲတောဟု ခေါ်ဆို ကြသည်။ တဲတောရွာကလေးသည် တဖြည်းဖြည်းနှင့်အိမ်ခြေ၊ လူဦးရေ တိုးပွါးလာပြီး ၎င်း ရွာတွင်နေထိုင်ခဲ့သော ဦးဖိုးညိုရောင်၊ ဒေါ်ထုံ၊ ဦးရွှေ၊ ဦးဟန်၊ ဒေါ်တူးတို့က ဘုရား၊ ပုထိုး၊ (ယခုဝါဆိုကျောင်းအနီးတွင်) အုတ်ဖုတ် သော နေရာဟောင်းနှင့် အုတ်ဖို ဟောင်းများကိုတွေ့၍ ၎င်းကို အကြောင်း ပြုပြီး တဲတောမှ အုတ်ဖိုရွာမဟူ၍ အမည် ပြောင်းခဲ့ပါသည်။ အုတ်ဖိုမြို့အား ပြည်ထဲရေးဝန်ကြီးဌာန၏ (၃၀.၈.၁၉၇၂)ရက်စွဲပါ စာအမှတ် ၁၀၃ / ၅၈ / စိတ်(၁)ဖြင့်လည်းကောင်း၊ ကျေးရွာအုပ်စုများ အား (၃၁.၁.၁၉၇၃) ရက်စွဲပါစာအမှတ် ၃ / ၁၅၈ / အထ (၂)ဖြင့် လည်းကောင်း ထုတ်ပြန်ကြော်ငြာ ခဲ့ပါသည်။

Attractions in အုတ်ဖို