"ပျော်ဘွယ်"

ပျော်ဘွယ်မြို့နယ်သည် ရပ်ကွက် ၉ ခု၊ ကျေးရွာအုပ်စု ၇၅ စု၊ ကျေးရွာပေါင်း ၃၁၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၉၁၉၄၇ ကျော်နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှ အနောက် သို့ ၈၄ မိုင် ( အရှေ့ဘက် မိုးကောင်း ကျေးရွာအနီး ပျော်ဘွယ် နယ်နိမိတ်အဆုံးနှင့် အနောက်ဥသျှစ်မြှောင် ကျေးရွာအနီး ပျော်ဘွယ်နယ်နိမိတ်အဆုံးတို့အားတိုင်းတာထားခြင်း)၊ တောင်မှမြောက်သို့ ၃၂ မိုင် (တောင်ဘက်ဝါးရုံကျေးရွာအနီး ပျော်ဘွယ်နယ်နိမိတ်အဆုံးနှင့် မြောက်ဘက် ပိုကုန်းကျေးရွာအနီး ပျော်ဘွယ်နယ်နိမိတ်အဆုံး တို့အား တိုင်းတာထားခြင်း)ရှည်လျားပါသည်။

ပျော်ဘွယ်မြို့နယ်၏အရှေ့ဘက်တွင် ရှမ်းပြည်နယ်ရှိ ကလော မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၊ တောင်ဘက်တွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ အနောက်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မြောက်ဘက်တွင် မိတ္ထီလာ မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျှက်ရှိပါသည်။

ပျော်ဘွယ်မြို့နယ်၏အရှေ့ဘက်တွင် ရှမ်းကုန်းမြေမြင့်၊ အနောက် ဘက်တွင် ပဲခူးရိုးမတောင်တန်းများ တည်ရှိပြီး ၊ အလယ်ပိုင်းတွင် မြေပြန့် ဖြစ်၍ မိုးနည်းရေရှားရပ်ဝန်း ဒေသဖြစ်သဖြင့် ပူပြင်းခြောက်သွေ့သော ရာသီ ဥတုရှိပါသည်။ ပျော်ဘွယ်မြို့နယ်အတွင်း စီးဆင်းလျက်ရှိသော ချောင်းများမှ ချောင်းကောက်ချောင်းသည် ပျော်ဘွယ်မြို့နယ်နှင့် မိတ္ထီလာမြို့နယ် အစပ်တွင်တည်ရှိပြီး ချောင်းကောက်တမံအတွင်းသို့ စီးဝင်ပါသည်။ ချောင်းမကြီးဆည်၊ သဖန်းချောင်းဆည်၊ နတ်ကာဆည်တို့ ပါဝင်ပါသည်။ ကန်များဖြစ်သော ယင်းတော်ကန်၊ ကျောက်ဆည်ကန်၊ ရန်အောင်ကန်၊ မင်းသားကြီးကန်၊ ငန့်ဇင်းကန်၊ ရိုးကြီးကန်တို့ရှိပြီး စိုက်ပျိုးရေ၊ သောက် သုံးရေအတွက် အသုံးပြု ပါသည်။

ဒေသသမိုင်းအကျဉ်း

ပျော်ဘွယ်မြို့နယ်သည် မြန်မာသက္ကရာဇ် (၁၁၈၆) ခုနှစ်၊ ဘကြီးတော်မင်းလက်ထက်၌ ညောင်ရမ်းမင်းသားငယ်စဉ်အခါ ပျော်မွေ့သည့် ဒေသဖြစ် သဖြင့် ညောင်ရမ်းမင်းသားအား ရင်ခွင်ပိုက် အုပ်ထိန်းသူ သီရိဝဏ္ဏဘွဲ့ခံဦးမှုံ မှ တည်ထားခဲ့သော မြို့ဖြစ်ပါသည်။ ပျော်ဘွယ် မြို့နယ်သည် ပြည်ထဲရေး ၀န်ကြီးဌာန၏ (၉- ၁၁- ၁၉၇၂) ရက်စွဲပါ စာအမှတ်၊ ၁၁၃/ ၅၀ / စိတ်(၁)ဖြင့် ဖွဲ့စည်းထားသောမြို့ ဖြစ်ပါသည်။

Attractions in ပျော်ဘွယ်