"သံတွဲ"

သံတွဲမြို့နယ်တွင် ရပ်ကွက် ၁၃ ခု၊ ကျေးရွာအုပ်စု ၅၉ စု၊ ကျေးရွာပေါင်း ၂၄၄ ရွာ ပါဝင်ပြီး လူဦးရေပေါင်း ၁၁၀၀၀၀ ကျော် နေထိုင်ပါသည်။ သံတွဲမြို့နယ်သည် အရှေ့မှအနောက်သို့ ၂၈.၃၃ မိုင်၊ တောင်မှမြောက်သို့ ၄၈ မိုင် ရှည်လျားပြီး ၁၃၆၀.၁၆ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ပန်းတောင်းမြို့နယ်နှင့် ကြံခင်းမြို့နယ်၊ တောင်ဘက်တွင် ဂွမြို့နယ်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ မြောက်ဘက်တွင် တောင်ကုတ်မြို့နယ်တို့ တည်ရှိပါသည်။ ဘင်္ဂလား ပင်လယ်အော်နှင့် ကမ်းရိုးတန်း ထိစပ်မှုမှာ ၁၂၈ မိုင်ဖြစ်ပြီး ရေပိုင်နက်မှာ ၁၂ မိုင်ဖြစ်သည်။ သံတွဲမြို့နယ်သည် တောင်ကုန်း၊ တောင်တန်းများ ဝန်းရံ ကာဆီးထားသည့် ချိုင့်ဝှမ်းဒေသဖြစ်ပါသည်။ တောင်တန်းများသည် ရခိုင်ရိုးမတောင်တန်းနှင့် ဆက်စပ်သည့် တောင်စွယ်များ ဖြစ်၍ တောင်မှမြောက်သို့ သွယ်တန်းလျှက်ရှိပါသည်။ သံတွဲချောင်းနှင့် သူဌေးချောင်းတို့မှာ ထင်ရှားပြီး ပုလဲကျွန်းနှင့် ကျွန်းနံ့သာကျွန်းတို့မှာ ထင်ရှားသော ကျွန်းများဖြစ်သည်။ ပုလဲကျွန်းတွင် လူနေထိုင်ခြင်းမရှိဘဲ ကျွန်းနံ့သာကျွန်းတွင်မူ တပ်စုတစ်ခု စခန်းချထားပါသည်။ သံတွဲမြို့နယ်သည် မြစ်ချောင်းများ ပေါများပြီး မြစ်ချောင်းများသည် တောင်မှမြောက်သို့ စီးဆင်းပါသည်။ သံတွဲချောင်းမျာ ထင်ရှားပြီး သံတွဲမြို့အနီးမှဖြတ်၍ တောင်မှမြောက်သို့ စီးဆင်းလျှက်ရှိသည်။ ရေအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပါသည်။ သံတွဲချောင်းမှာ နွေရာသီတွင် ရေအနက် သင်္ဘော/ စက်လှေများ သွားလာနိုင်ခြင်း မရှိပါ။ သံတွဲမြို့နယ်သည် ပင်လယ်ရေအထက် ပျမ်းမျှ ၁၈ ပေ အထက်တွင် တည်ရှိပြီး အမြင့်ဆုံးတောင်မှာ တောင်နီတောင် (ပေ၄၃၀၀ကျော်) ဖြစ်ပါသည်။ သံတွဲမြို့နယ်သည် ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၂.၅˚C ဖြစ်သည်။ သံတွဲမြို့နယ်သည် စီးပွားရေး အချက်အချာကျပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံများသည် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ အဓိက ထွက်ကုန်မှာ ငါးခြောက်၊ ငါးပိတို့ဖြစ်သည်။ သံတွဲမြို့မှ ၄ မိုင်အကွာတွင် တည်ရှိသော ငပလီကမ်းခြေသည် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ရာ အဓိကနေရာတစ်ခုလည်း ဖြစ်သည်။

Attractions in သံတွဲ