"မှော်ဘီ"

မှော်ဘီဆိုသည်မှာ မွန်စကား မောတပီမှ မှောပီ၊ ၎င်းမှတဆင့် မှော်ဘီဟု ခေါ်လာခြင်းဖြစ်သည်။ မှော်ဘီမြို့သည် စစ်မဖြစ်မီ ကာလအထိ ကျေးရွာတစ်ခုအဖြစ်သာ တည်ရှိခဲ့ပါသည်။ ၈.၁၁.၁၉၀၀ ခုနှစ်တွင် အခွန်ဌာန၏ ကြေညာချက်အရ မီးရထားမြို့ အဖြစ် သတ်မှတ်ခဲ့သည်။ ၂၉.၅.၁၉၆၅ ခုနှစ် ရက်စွဲပါ အမိန့်အရ မှော်ဘီမြို့နယ်အဖြစ် သတ်မှတ်ခဲ့ပြီး ယခုအခါ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၃၉ စု၊ ကျေးရွာပေါင်း ၁၉၅ ရွာပါဝင်ကာ လူဦးရေပေါင်း ၂၀၀၀၀၀ ကျော် နေထိုင်ပါသည်။ မှော်ဘီမြို့နယ်သည် ဧရိယာစတုရန်းမိုင် ၁၈၃.၇၈ မိုင် ကျယ်ဝန်းပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၂၇ ပေတွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် လှည်းကူးမြို့နယ်၊ အနောက်ဘက်တွင် ထန်းတပင်မြို့နယ်၊ တောင်ဘက်တွင် မင်္ဂလာဒုံမြို့နယ်၊ မြောက်ဘက်တွင် တိုက်ကြီးမြို့နယ်တို့ တည်ရှိပါသည်။ မှော်ဘီမြို့နယ်၏ မြောက်ဘက် နယ်နိမိတ် အဆုံးတွင် လှိုင်မြစ်တည်ရှိပြီး အရှေ့မှအနောက်သို့ စီးဆင်းလျှက်ရှိသည်။ မှော်ဘီချောင်း၊ ဒွန်းတပဲ့ချောင်း၊ မြောင်းတကာချောင်းတို့သည် လှိုင်မြစ်အတွင်းသို့ စီးဝင်ပါသည်။ လှိုင်မြစ်မှရေများသည် စိုက်ပျိုးရေးအတွက် အသုံးပြုနိုင်ပြီး နွေရာသီတွင်လည်း စက်လှေများ သွားလာနိုင်ပါသည်။ မှော်ဘီမြို့နယ်သည် ပူအိုက် စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၃၉.၃˚C ဖြစ်သည်။ မှော်ဘီမြို့နယ်သည် စီးပွားရေး အသင့်အတင့် ဖွံ့ဖြိုးတိုးတက်ပြီး အခြားဒေသများသို့လည်း ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်သောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်သည်။

Attractions in မှော်ဘီ