ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက တိုင်းရင်းသားပါတီတွေရဲ့ အနိုင်ရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ဖွဲ့စည်းထားတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။
ဒီကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန် ဇန်နဝါရီလ (၁)ရက်နေ့ ၊ နံနက်(၉) နာရီမှာ ကချင်ပြည်နယ်က တိုင်းရင်းသားပါတီတွေရဲ့ ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေနဲ့ ပထမဆုံး တွေ့ဆုံမှာဖြစ်ပါတယ်။
အဲ့ဒီမတိုင်ခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးအင်ထုံးခါးနော်ဆန် တို့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ်က NLD အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ အကြိုတွေ့ဆုံခဲ့ပါတယ်။
ဘာအကြောင်းတွေ တွေ့ဆုံဆွေးနွေးကြလဲဆိုတာကတော့ ပါတီက ပြောကြားတာမရှိပါဘူး။
မနက်ဖြန်မှာ တိုင်းရင်းသားပါတီတွေရဲ့ အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ မတွေ့ဆုံခင် NLD အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ အရင်တွေ့ဆုံခဲ့တာပါ။
နိုဝင်ဘာလ (၈) ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ကချင်ပြည်နယ်မှာ NLD ပါတီက နေရာအများဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။
NLD ရဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမယ့် ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ်ပြီးရင် မွန်ပြည်နယ်က အနိုင်ရ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံမှာဖြစ်ပါတယ်ခင်ဗျာ။
RFA