"လသာ"

လသာမြို့နယ်သည် ၁၉၅၈ ခုနှစ်တွင် လေသာဒေသစိတ်အမည်ဖြင့် တည်ရှိခဲ့သည်။ ထို့နောက် ၁၉၇၂ ခုနှစ်တွင် လသာမြို့နယ်ဟူ၍ ပေါ်ပေါက်လာခဲ့သည်။ လသာဟူသည်မှာ လသာလမ်းကို အစွဲပြု ခေါ်ဆိုခြင်းဖြစ်ပြီး ယင်းလသာလမ်းမှာလည်း ဗြိတိသျှ ကပ္ပတိန် လတ္တာအား မှည့်ခေါ်ထားသော အမည်ဖြစ်ပါသည်။ ကပ္ပတိန် လတ္တာသည် အမှတ် ၆၇ ဘင်္ဂါတပ်မှ ဗိုလ်ကြီးတစ်ဦးဖြစ်ပြီး အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲဖြစ်ပွားရန် သွေးထိုးလှုံ့ဆော်ခဲ့သူများအနက် တစ်ဦး အပါအဝင်ဖြစ်သည်။ ရန်ကုန်မြို့ ဗြိတိသျှလက်အောက် ကျရောက်သွားပြီးနောက် ပေတစ်ရာလမ်းကျယ်ကို အစွဲပြု၍ အနီးဝန်းကျင်ဒေသကိုလည်း လတ္တာရပ်အမည်နှင့် တွဲဖက်၍ လသာလမ်း၊ လသာရပ်ဟူသော အမည်သာ တစ်စတစ်စ တွင်ကျယ်လာခဲ့သည်။ လသာမြို့နယ်သည် အရှေ့မှအနောက်သို့ ၀.၃၉ မိုင်၊ တောင်မှမြောက်သို့ ၀.၄၇ မိုင် ရှည်လျားပြီး ၀.၃၁၄ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ မြို့နယ်၏ အနောက်ဘက်တွင် မြို့ပတ်မီးရထားလမ်းနှင့် ဒဂုံမြို့နယ်၊ အရှေ့ဘက်တွင် ရွှေတိဂုံဘုရားလမ်းနှင့် ပန်းဘဲတန်းမြို့နယ်၊ တောင်ဘက်တွင် ကမ်းနားလမ်း၊ အနောက်ဘက်တွင် လမ်းမတော်လမ်းနှင့် လမ်းမတော်မြို့နယ်တို့ တည်ရှိသည်။ လသာမြို့နယ်သည် တောင်နှင့်မြောက် သွယ်တန်းတည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ပေ ၂၀ အထက်တွင် တည်ရှိသည်။ လသာမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၄၀˚C ဖြစ်သည်။ လသာမြို့နယ်ကို ရပ်ကွက် ၁၀ ခုဖြင့် ဖွဲ့စည်းထားရှိပြီး လူဦးရေပေါင်း ၂၆၀၀၀ ကျော် နေထိုင်ပါသည်။ လသာမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် အရောင်းအဝယ်၊ ဝန်ဆောင်မှု လုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသည်။ လသာမြို့နယ်မှ အဓိက ထွက်ကုန်မရှိသော်လည်း ကုန်စည်များ ရောင်းဝယ်ရာ သံဈေး၊ သိမ်ကြီးဈေးတို့မှ ကုန်ပစ္စည်းများကို အနယ်နယ် အရပ်ရပ်သို့ တင်ပို့ရောင်းချလျှက်ရှိပြီး ကုန်စည်စီးဆင်းရာ မြို့နယ်တစ်ခုဖြစ်ပါသည်။ လသာမြို့နယ်နှင့် လမ်းမတော်မြို့နယ်သည် ရန်ကုန်မြို့၏ တရုတ်တန်းဖြစ်သည်။

Attractions in လသာ