"ကျုံပျော်"

ကျုံပျော်မြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၈၉ စု၊ ကျေးရွာပေါင်း ၅၂၃ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၅၃၄၃၆ ကျော်နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့ ၁၅.၅၉၈ မိုင်နှင့် တောင်မှ မြောက်သို့ ၂၀.၅၀ မိုင်ရှည်လျားပါသည်။ ကျုံပျော်မြို့နယ်၏ အရှေ့ဘက်တွင်ဓနုဖြူမြို့နယ်နှင့် ပန်းတနော်မြို့နယ်၊ တောင်ဘက်တွင်ကျောင်းကုန်း မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ရေကြည်မြို့နယ်၊ မြောက်ဘက်တွင် လေးမျက်နှာ မြို့နယ်၊ ဟင်္သာတမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသည့် ချောင်းမှာ ဒါးကချောင်း ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ကျုံပျော်မြို့သည် ရှေးယခင်နှစ်ပေါင်း ၆၀၀ ကျော်ကတည်းက တည်ရှိခဲ့သော မြို့တစ်မြို့ဖြစ် သည်။ ကျုံပျော်ဟု အမည်တွင်ရခြင်းမှာ မွန်ဘာသာအရ ကြုင်ပိ(ကြုင်=ချောင်း၊ပိ=သုံး) ချောင်းသုံးခွရှိ၍ ကြုင်ပိကိုမွန်သံထွက်ရာ မြန်မာတို့ကို ကျုံပျော်ဟူ၍လည်းကောင်း၊ မွန်ဘုရင်နှင့် ဥမ္မာဒန္တီ စခန်းချစဉ်က ကျုံးများစွာတူးခဲ့သဖြင့် ကျုံးပေါမှ ကျုံပျော်ဟူ၍ လည်းကောင်း၊ ပါဠိနှင့်သက္ကတ အပျက်အရကြုင်တရော် (ကြုင်=ချောင်း၊တရော်=သုံး)မှကျုံပျော်ဟူ၍ လည်းကောင်း ပြောဆိုရေးသားကြပါသည်။ ပြည်ထဲရေး ၀န်ကြီးဌာန၏ (၃၀-၈-၇၂) ပါစာ အမှတ် (၁၀၃/၁၈/ ၁၈/စိတ်(၁) ဖြင့်ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ ဖြင့် ကျုံပျော်မြို့ကို ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးနှင့်သာသနာရေး ဝန်ကြီးဌာန၏ (၃၀-၁၂-၇၂) ရက်စွဲပါ စာအမှတ်၊ ၃/၃၀/အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြေငြာစာနှင့် (၆-၉-၇၃) ရက်စွဲပါ စာအမှတ် ၃/၃၀/အထ(၂)ဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြေငြာစာ (ပြင်ဆင်ချက်)တို့ဖြင့်ကျေးရွာ အုပ်စုများဖွဲ့စည်း ခဲ့ပါသည်။

Attractions in ကျုံပျော်