"စေတုတ္တရာ"

စေတုတ္တရာမြို့နယ်သည် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၄၆ စု၊ ကျေးရွာပေါင်း ၁၁၃ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၄၅၁၆၂ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် ၁၀၈၃.၂၅၄ စတုရန်းမိုင် (၆၉၃၂၈၃) ဧက ကျယ်ဝန်းပါသည်။ အရှေ့မှအနောက်သို့ ၂၅ မိုင်တောင်မှ မြောက်သို့ ၇၅ မိုင် ရှည်လျား ပါသည်။ အရှေ့ဘက်တွင် စလင်းမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်၊ တောင်ဘက်တွင် ငဖဲမြို့နယ်၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် ချင်းပြည်နယ်မှ ကန်ပက်လက်မြို့နယ်၊ မြောက်ဘက်တွင် ဆောမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက် ရှိပါသည်။

စေတုတ္တရာမြို့နယ်သည် တောင်ကုန်းတောင်တန်း ပေါများသဖြင့် သစ်တောဖုံးလွှမ်းသော လွင်ပြင်များဖြစ်ပြီး ရခိုင်ရိုးမတောင်နှင့် ထိစပ်လျက် ရှိပါသည်။ မြို့နယ်အတွင်းရှိ နွားမတောင်မှာမြောက်မှ တောင်သို့ သွယ်တန်းလျက်ရှိပါသည်။ မြို့နယ်အတွင်း၌ အမြင့်ဆုံး ၆၅၂၇ ပေ၊ အနိမ့်ဆုံး ၂၆၀ ပေရှိပြီး မြို့၏အနောက်ဘက်တွင် မြင့်မားသော တောင်တန်းများနှင့် နီးကပ်စွာတည်ရှိပါသည်။ အမြင့်ဆုံးတောင်များမှာ စွန်းတောင် (ချွန်းတောင်) ၆၅၂၇ ပေ၊ ငန်းဖြူတောင်(ခေါင်းဖြူတောင်) ၆၂၈၀ ပေ၊ ကျောက်စိမ်း တောင် ၆၁၉၆ ပေ၊ ကန်တောင် ၅၇၆၄ ပေ၊ ဘိုးကြီးတောင် ၅၄၂၅ ပေ ရှိတောင်များဖြစ်ကြသည်။

စေတုတ္တရာမြို့နယ်သည်ချောင်းများပေါများသော ဒေသတစ်ခုလည်းဖြစ်ပြီး ချောင်းများသည် အနောက်မှအရှေ့သို့ စီးဆင်းကြပါသည်။ မြို့နယ်အတွင်းရှိ အထင်ရှားဆုံး မုန်းချောင်းမှာ ချင်းပြည်နယ်တွင် ချောင်းဖျားခံ၍ မြို့နယ်အတွင်းဖြတ်သန်းကာ အရှေ့တောင်ဘက်သို့ စီးဆင်းသွားပြီး ပွင့်ဖြူမြို့နယ်သို့ ဖြတ်သန်းစီးဆင်းကာ ဧရာဝတီမြစ် ထဲသို့ စီးဝင်ပါသည်။ မုန်းချောင်းအတွင်းသို့ စီးဆင်းသောချောင်းများမှာ လက်ယာဘက်တွင် စင်းချောင်း၊ ပန်းအိချောင်း၊ ထီးချောင်းတို့ဖြစ်ပြီး လက်ဝဲဘက်မှစီးဆင်းသော ချောင်းများမှာ ဒွေးချောင်း၊ ချီချောင်း၊ မြို့နယ်အတွင်း မုန်းချောင်း ရေလှောင်တမံနှင့် ကြီးအုံ-ကြီးဝရေလှောင်တမံ တည်ဆောက်ထား သဖြင့် တစ်ရွာနှင့်တစ်ရွာ သွားလာရာတွင် မြင်းကောင်ရေ ၂၀ အောက် စက်တပ်ရေယာဉ်များဖြင့် တမံအတွင်းဖြတ်သန်းသွားလာနိုင်ပါသည်။

ဒေသသမိုင်းအကျဉ်း

စေတုတ္တရာမြို့နယ်ကို ပုဂံခေတ် အလောင်းစည်သူမင်းလက်ထက် သာသနာသက္ကရာဇ် ၁၆၄၂ ခု၊ ကောဇာသက္ကရာဇ် ၄၆၀ ပြည့်နှစ်၊ ခရစ်သက္ကရာဇ် ၁၀၉၈ ခုနှစ်ခန့်တွင် ထီးလှိုင်ရှင် ကျန်စစ်သားမင်း၏ သားတော် တောင်စဉ်ခုနှစ်ခရိုင်ကိုအုပ်စိုးသော မင်းသီရိခေတ္တရာ (ဇေယျခေတ္တရာ) မှတည်ထောင်ခဲ့သည်ဟု သိရသည်။ ဇေတနတ်မင်းနေထိုင်ပြီး မြင့်မြတ်သော နေရာတွင် တည်ထောင်သောမြို့ဖြစ်၍ ဇေတဥတ္တရာဟုခေါ်တွင်ရာမှ ဇေတုတ္တရာမြို့ဟုလည်းကောင်း၊ ထိုမှတဆင့် စေတုတ္တရာမြို့ဟု လည်းကောင်း ခေါ်ဝေါ်သည်။ အလားတူ ဇေတတောင်(ရဲတောင်) ၏ မြောက်ဘက်ကုန်းပေါ်တွင် တည်ထောင်သောကြောင့် ဇေတဥတ္တရာဟု ခေါ်တွင်ရာမှ စေတုတ္တရာဟု ခေါ်တွင်ကြောင်းလည်း သိရပါသည်။။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၃၀.၆.၁၉၇၂) ရက်စွဲပါ စာအမှတ်၊၁၀၃၉/စိတ်(၁)ဖြင့် လည်းကောင်း၊ (၂၇.၈.၁၉၇၃) ရက်စွဲပါစာအမှတ်၊ ၂ / ၁၂၆ / အထ ( ၂ ) ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ဖွဲ့စည်းထားသော မြို့ဖြစ်ပါသည်။

Attractions in စေတုတ္တရာ