"စမ်းချောင်း"

စမ်းချောင်းမြို့နယ်တွင် ရှမ်းမြို့အသစ်တည်ခဲ့သူ ရှင်စောပုစံတော်မူသွားသော မြို့ဟောင်းနေရာသည် ယခုတိုင် ရှင်စောပု ရပ်ကွက်ဟု ထင်ရှားစွာ တည်ရှိပါသည်။ ရှမ်းကုန်သည်များ နေထိုင်ခြင်းကြောင့် ရှမ်းလမ်း၊ အထက်မြန်မာနိုင်ငံ မြန်မာဘုရင်လက်အောက်မှ ထွက်ပြေးလာကြသော မြန်မာမင်းဆွေမင်းမျိုးများ အများအပြားနေထိုင်ရာလမ်းကို မင်းလမ်း၊ အမတ်ကြီးဦးဖီးနေထိုင်ရာလမ်းကို အစွဲပြု၍ ဦးဖီးလမ်း၊ ရှမ်းအမျိုးသား ဦးဂွယ်နေထိုင်သည်ကို အစွဲပြု၍ ဦးဂွယ်လမ်း၊ သဲပုံစေတီနှင့် မြင့်မိုရ်ပွဲများကို အစွဲပြု၍ မြင့်မိုရ်လမ်း၊ ဆီဆုံများ တည်ရှိခြင်းကို အစွဲပြု၍ ဆီဆုံလမ်းဟု အသီးသီး ခေါ်ဆိုခဲ့ကြပါသည်။ စမ်းချောင်းဟု အမည်တွင်ခြင်းမှာ ရွာကိုဖြတ်၍ စမ်းချောင်းရှိခြင်းကြောင့် ဖြစ်သည်။ ယခုတွင်မူ ယင်းချောင်းမှာ ရေဆိုးမြောင်းအဖြစ်သာ စီးဆင်းပါတော့သည်။ ၁၉၇၁ ခုနှစ် စနစ်သစ်အုပ်ချုပ်ရေး အစပြုသည့် အချိန်မှစ၍ စမ်းချောင်းမြို့နယ်ဟု သီးခြားမြို့နယ်တစ်ခုအနေဖြင့် ဖွဲ့စည်းခဲ့ပါသည်။ စမ်းချောင်းမြို့နယ်တွင် ရပ်ကွက် ၁၈ ခုပါဝင်ပြီး လူဦးရေပေါင်း ၈၀၀၀၀ ခန့် နေထိုင်ပါသည်။ စမ်းချောင်းမြို့နယ်သည် ဧရိယာ စတုရန်းမိုင်ပေါင်း ၀.၉၅၅ မိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ကမာရွတ်မြို့နယ်၊ တောင်ဘက်တွင် ဒဂုံမြို့နယ်နှင့် အလုံမြို့နယ်၊ အနောက်ဘက်တွင် ကြည့်မြင်တိုင်မြို့နယ်တို့ တည်ရှိသည်။ စမ်းချောင်းမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၅၀ အထက်တွင် တည်ရှိပါသည်။ စမ်းချောင်းမြို့နယ်သည် ပူနွေးသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၅˚C ဖြစ်ပါသည်။ စမ်းချောင်းမြို့နယ်သည် စီးပွားရေး အချက်အချာကျပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသော မြို့နယ်ဖြစ်သည်။ ဒေသခံပြည်သူများသည် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော မြို့နယ်တစ်ခုလည်းဖြစ်သည်။ စမ်းချောင်းမြို့နယ်မှ အတုလာ ဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီးဘုရား မှာ အလွန်ကြည်ညိုဖွယ် ကောင်းလှပါသည်။

Attractions in စမ်းချောင်း