"နမ့်ခမ်း"

နမ့်ခမ်းမြို့နယ်၏သမိုင်းမှာ နမ့်ခမ်းဖေါင်ချောင်းထဲ၌ ကျောက်၊ သဲ၊ သဲမှုန့်၊ ရွှံ့နွံများနှင့်အတူ ရွှေမှုန်ကလေးများ ရောနှော ပါလာသည့်အတွက် ချောင်းအမည်ကို နမ့်ခမ်းဖေါင်ချောင်း (ရွှေမှုန်ချောင်း)ဟု အမည်ပေး ကင်ပွန်းတပ်ခေါ်ကြလေသည်။ ထိုချောင်း၏ ကမ်းနံဘေးတွင် ကောဇာသက္ကရာဇ် (၁၁၀၇) ခုနှစ်၌ ရွာကို စတင်တည်ကြသဖြင့် မန့်နမ့်ခမ်း (ရွှေရည်ရွာ)ဟု နာမည်တပ် ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်ပါသည်။ သက္ကရာဇ် (၁၁၃၉) ခုနှစ် စဉ့်ကူးမင်းထီးနန်းစိုးစံစဉ် နမ့်ခမ်းရွာကို ဦးပေါ်ဆီးမှ ဟိန်အဖြစ် ကွပ်ကဲအုပ်ချုပ်ကာ ရွာကိုလည်း မြို့အဖြစ် သတ်မှတ်ပေးပြီး ရှမ်းအခေါ် ဝိန်းနမ့်ခမ်းဟု ခေါ်ဝေါ် သမုတ်ခဲ့ပါသည်။ သက္ကရာဇ် (၁၁၃၉) ခုနှစ်မှစ၍ ၁၂၄၇ ခုနှစ် သီပေါမင်းပါတော်မူသည်အထိ နမ့်ခမ်းမြို့နယ်ကို ဟိန်စော်ဘွားအုပ်ချုပ်ခဲ့ပါသည်။ သက္ကရာဇ် (၁၃၀၄) ခုနှစ် ဗြိတိသျှခေတ်၊ ကိုလိုနီခေတ်လက်အောက်ရှိစဉ် သိန္နီစော်ဘွား လက်အောက်ခံ(မြို့စား)အဖြစ် အုပ်ချုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရသည်အထိ နမ့်ခမ်းမြို့အား မြို့စားအဆင့်ဖြင့် အုပ်ချုပ်ခဲ့ပါသည်။ ပြည်ထဲရေး ဝန်ကြီးဌာန၏ (၁၄.၆.၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရပ်ကွက် (၄) ခု၊ ကျေးရွာအုပ်စု (၄၄) စုအဖြစ် ဖွဲ့စည်းခဲ့ပြီး (၁၈.၁.၂၀၁၁) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၄၃ စု၊ ကျေးရွာပေါင်း ၁၇၄ ရွာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ မြို့နယ်၏အရှေ့ဘက်တွင် မူဆယ်မြို့၊ ကွတ်ခိုင်မြို့၊ အနောက်ဘက်တွင် မန်စီမြို့၊ တောင်ဘက်တွင် မန်တုံမြို့နယ်၊ မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အလျား (၈) မိုင်ခန့် နယ်နိမိတ်ထိစပ်လျှက်ရှိသည်။ နမ့်ခမ်းမြို့နယ်သည် ၄၆၆.၈၅ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေပေါင်း ၁၁၀၀၀၀ ကျော် နေထိုင်လျှက်ရှိသည်။ ရွှေလီမြစ်သည် မြို့နယ်၏ မြောက်ဘက်ပိုင်းတွင် စီးဆင်းလျှက်ရှိပြီး မူဆယ်မြို့နှင့် နမ့်ခမ်းမြို့၏အကြား တရုတ်-မြန်မာနယ်စပ်တစ်လျှောက် စီးဆင်းပါသည်။ ရွှေလီမြစ်၏ ဘေးတစ်ဘက်တစ်ချက်တွင်သာ မြေပြန့်လွင်ပြင်များရှိပြီး အလျား ၁၂ မိုင် အနံ ၅ မိုင်ခန့်သာ ကျယ်ဝန်းပါသည်။ နမ့်ခမ်းမြို့နယ်တွင် မြစ်ချောင်းများ ပေါများပြီး နမ့်ခမ်းဖေါင်ချောင်း၊ နမ့်ပူလုံချောင်း၊ နမ့်ဆရီးချောင်း၊ နမ့်မချောင်းတို့သည် ရွှေလီမြစ်အတွင်းသို့ စီးဆင်းသော ချောင်းများဖြစ်သည်။ မြစ်ချောင်းအများစုမှာ နွေရာသီတွင် ရေစီးဆင်းမှု အားနည်းသောကြောင့် စက်လှေများ သွားလာရန် အနည်းငယ် ခက်ခဲပါသည်။ နမ့်ခမ်းမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင် အထက် ပျမ်းမျှ ၂၄၈၉ ပေ အထက်တွင် တည်ရှိပြီး အမြင့်ဆုံးတောင်မှာ ပန်မောင်းတောင် (၇၇၄၁ပေ) ဖြစ်သည်။ မြို့နယ်သည် မုတ်သုံရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၆ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ဒေသခံပြည်သူများသည် လယ်ယာ၊ တောင်ယာ၊ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြပြီး တောင်ပေါ်ဒေသတွင် လက်ဖက်စိုက်ပျိုးခြင်းကိုသာ လုပ်ကိုင်ကြပါ၍ အဓိကထွက်ကုန်မှာ စပါးနှင့် လက်ဖက်ခြောက်လုပ်ငန်းသာ ဖြစ်ပါသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပါသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော်လည်း အခြားမြို့နယ်များသို့ ကုန်းလမ်းဖြင့်သာ သွားလာကြပါသည်။ နမ့်ခမ်းမြို့နယ် မန်အောင်ကျောင်းတွင် တည်ထားကိုးကွယ်သော မဟာမြတ်မုနိ ဘုရားမှာ ထင်ရှားပါသည်။

Attractions in နမ့်ခမ်း