"လက်ပံတန်း"

လက်ပံတန်းမြို့နယ်သည် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၉ စု၊ ကျေးရွာပေါင်း ၃၁၀ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၁၈၉၂၇၀ ကျော်နေထိုင်ပါသည်။ မြို့နယ် ဧရိယာအကျယ်အဝန်းမှာ ၅၇၄.၀၈၃ စတုရန်းမိုင်ရှိပါသည်။ လက်ပံတန်းမြို့နယ်၏အရှေ့ဘက်တွင် ကျောက်တံခါးမြို့နယ်၊ ပဲခူးမြို့နယ်၊တောင်ဘက်တွင် သာယာဝတီမြို့နယ်၊ ဇလွန်မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ဟင်္သာတမြို့နယ်၊ အင်္ဂပူမြို့နယ်၊ ဧရာဝတီမြစ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မင်းလှမြို့နယ်၊ မိုးညိုမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

လက်ပံတန်းမြို့နယ်အနေဖြင့် အရှေ့ဘက်တွင် ပဲခူးရိုးမ၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ဝှမ်းဒေသ တည်ရှိပါသည်။ မြို့နယ်၏ အရှေ့ဘက်ခြမ်းတွင် ပေ ၁၅၀၀ ထိ မြင့်မားသော တောင်တန်း၊ အနောက်ဘက်ခြမ်းသည် ချိုင့်ဝှမ်း ပိုင်းဖြစ်၍ ချောင်း၊ အင်း၊ အိုင်များ ပေါများပါသည်။ မြို့နယ်တစ်ခုလုံး အနေဖြင့် ကုန်းမြင့်ပိုင်း(၄၇%)ရှိပြီး၊ သစ်တော၊ ဝါးတောများ ထူထပ်စွာ ပေါက်ရောက်လျက်ရှိပါသည်။ မြေပြန့်လွင်ပြင်အနေဖြင့် (၁၁%)၊ မြေနိမ့် ပိုင်း(၄၂%)ခန့် ရှိပါသည်။

လက်ပံတန်းမြို့နယ်တွင် ဧရာဝတီမြစ်၊ မြစ်မခမြစ်နှင့် ကံတင်ဘီးလင်း ချောင်းတို့ စီးဆင်းလျက်ရှိပြီး ဧရာဝတီမြစ်သည် လက်ပံတန်းမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စုမှ ယွန်းသွယ်အုပ်စုသို့ ဖြတ်သန်းစီးဆင်းပြီး အရှည် ၂၃.၂ မိုင်၊ မြစ်မခမြစ်သည် အောင်လံကုန်းကျေးရွာအုပ်စုမှ တော်လဿကျေးရွာအုပ်စုသို့ ၂၉ မိုင်၊ ကံတင်ဘီးလင်းချောင်းသည် ရေငန်အုပ်စုမှ သာယာဝတီမြို့နယ်၊ ဘီးလင်းကျေးရွာအုပ်စုသို့ ၈ မိုင်ဖြတ်သန်း စီးဆင်းပါသည်။ လက်ပံတန်း မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသော ဧရာဝတီမြစ်၊ မြစ်မခမြစ်နှင့် ကံတင် ဘီးလင်းချောင်းတို့မှာရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ အသုံးပြုနိုင်ပါသည်။

ဒေသသမိုင်းအကျဉ်း

လက်ပံတန်းမြို့နယ်သည် ဘူတာရုံအဆင်း (ယခု ၁ လမ်းဟုခေါ်တွင်သည့်နေရာ)တွင် လက်ပံပင် ၂၁ ပင် တောင်မြောက်တန်းပေါက်ရောက်နေသည်ကို အကြောင်းပြု၍ လက်ပံတန်းဟု ခေါ်တွင်ခဲ့ပါသည်။ ရှေးအခါက ကုန်သည်များ တကောင်းခေတ္တရာသို့ ကုန်စည်ကူးသန်းရောင်းဝယ်ရာတွင် လှည်းများ စခန်းချရပ်နားခဲ့သည့်နေရာကို ရှမ်းဘာသာစကားဖြင့် “လောမန်” လှည်းစခန်းဟု ခေါ်တွင်ခဲ့ရာမှ လက်ပံတန်းဟု အမည်တွင်ခဲ့ကြောင်း ဆရာကြီးသင်္ခါ၏မှတ်တမ်းတွင်တွေ့ရှိရပါသည်။

လက်ပံတန်းမြို့နယ်အဖြစ် တရားဝင် အသိအမှတ်ပြုသည့် ခုနှစ်ကို အတိအကျ မသိရသော်လည်း သာယာဝတီခရိုင် (Gazetter)ပါ အချက်အလက်များအရ ၁၈၅၄ ခုနှစ်၊ ၁၈၆၁ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်းသိရှိခဲ့ရပါသည်။ ၁၈၈၄ ခုနှစ်တွင် လက်ပံတန်း စာတိုက်ကို စတင်ဖွင့်လှစ်ခဲ့ပြီး ၁၈၉၄ ခုနှစ်တွင် မြူနီစပါယ်မြို့အဖြစ် သတ်မှတ် ခဲ့ပါသည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၅.၃.၁၉၇၃)ရက်စွဲပါ စာအမှတ်၊ ၁၀၃/၅၈/စိတ်(၁)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

Attractions in လက်ပံတန်း