"တောင်ကြီး"

တောင်ကြီးမြို့နယ်သည် အရှေ့မှအနောက်သို့ ၂၀ မိုင်ခန့်၊ တောင်မှမြောက်သို့ ၃၀ မိုင်ခန့် ရှည်လျားပြီး ၇၄၇.၈၃ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ဟိုပုံး၊ တောင်ဘက်တွင် ဆီဆိုင်၊ အနောက်ဘက်တွင် ကလောနှင့် ညောင်ရွှေ၊ မြောက်ဘက်တွင် ရပ်စောက်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ တောင်ကြီးမြို့နယ်ကို မြို့ ၄ မြို့၊ ရပ်ကွက် ၅၁ ခု၊ ကျေးရွာအုပ်စု ၂၄ စု၊ ကျေးရွာပေါင်း ၃၇၁ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၄၀၀၀၀၀ သိန်းခန့် နေထိုင်ပါသည်။ တောင်ကုန်း တောင်တန်း ပေါများသော ဒေသဖြစ်သည်။ မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၁၂ ပေတွင် တည်ရှိသည်။ နမ့်လတ်ချောင်းမှ ရေများသည် ရပ်စောက်မြို့နယ်မှ စတင် စီးဆင်းကာ အင်းလေးကန် အတွင်းသို့ စီးဝင်လျှက်ရှိပါသည်။ အရှေ့ဘက်ရှိ နမ့်တဘက်ချောင်းသည် တောင်ကြီးမြို့နယ်အား ဖြတ်၍ ကျောက်တလုံးကြီးမြို့ အတွင်းသို့ စီးဝင်ပါသည်။ တောင်ကြီးမြို့ပေါ်တွင် ရေကန် (၉) ခု၊ မြို့နယ်တွင် ဆည်ကြီး ၁၀ ခု၊ ရေကန်၊ ရေနုတ်မြောင်း ၁၀ ခု ရှိပါသည်။ ရေအများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုပါသည်။ အရှေ့ဘက်တွင် မြင့်မားသော တောင်တန်း၊ တောင်ထွတ်များရှိပြီး အမြင့်ဆုံးတောင်မှာ တောင်ချွန်းတောင် (၅၇၅၅ပေ) ဖြစ်သည်။ အေးမြသော ရာသီဥတုရှိပြီး အနိမ့်ဆုံးအပူချိန်မှာ ၄.၅˚C ဖြစ်သည်။ မိတ္ထီလာ-ကလော-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းမကြီးပေါ်တွင် တည်ရှိ၍ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပြီး စီးပွားရေးအချက်အချာကျသော မြို့နယ်တစ်ခု ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်း၊ ကုန်သွယ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ အဓိကထွက်ကုန်မှာ အစေ့ထုတ်ပြောင်း၊ ကြက်သွန်ဖြူ၊ ပန်းနှမ်း၊ ပဲစင်းငုံတို့ဖြစ်သည်။

Attractions in တောင်ကြီး