"မောက်မယ်"

မောက်မယ်မြို့နယ်သည် ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၈ စု၊ ကျေးရွာပေါင်း ၁၀၃ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၃၉၀၁၆ ကျော် နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၉၄၅.၆၈၁ စတုရန်းမိုင်ရှိပါသည်။ မောက်မယ်မြို့နယ်သည် အရှေ့ဘက်တွင်လင်းခေးမြို့နယ်၊ တောင်ဘက်တွင် ကယားပြည်နယ်၊ ရှားတောမြို့နယ် ၊ အနောက်ဘက်တွင် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်၊ မြောက်ဘက်တွင် နမ့်စန်မြို့နယ်၊ မိုးနဲ မြို့နယ်တို့နှင့်နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါသည်။

မောက်မယ်မြို့နယ်သည် မြင့်မားသော တောင်တန်းကြီးများ သွယ်တန်းလျက်ရှိပြီး မြို့နယ်၏အနောက်ဘက်တွင် လွိုင်လုံတောင်တန်းသည် အမြင့်ပေ ၅၆၀၃ ပေမြင့်ပါသည်။ မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှားသောချောင်းများမှာ နမ့်ယွန်းချောင်း၊နမ့်ပိန်ချောင်း၊ နမ့်လှချောင်းတို့သည် မြောက်မှ တောင်သို့စီးဆင်းပါသည်။ ကဒူးကြီးကျေးရွာအုပ်စု အတွင်းရှိ နမ့်စငန်းချောင်းသည် တောင်မှမြောက်သို့ ပြန်လည်စီးဆင်းလာပြီး နမ့်ယွန်းချောင်းနှင့်ပူးပေါင်းကာ လင်းခေးမြို့နယ်၊ နမ့်တိန်းချောင်း အတွင်းသို့စီး၀င်ပါသည်။ မောက်မယ်မြို့နယ်သည်ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှအမြင့် ၁၆၃၀ ပေတွင် တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ လွိုင်လုံတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင် အထက် ၅၆၀၃ ပေ ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

မောက်မယ်မြို့နယ်၊ ပုန်းလောရွာ အရှေ့ဘက် ၂ ဖာလုံခန့်အကွာတွင် ဘုရင်မတစ်ပါး အုပ်ချုပ်ခဲ့ပါသည်။ ဟင်းနုနွယ်ဟင်းကို စားသုံးလိုသည့်အတွက် စားတော်ကဲက ဆင်ဖြူတော်ကျက်စားရာ ဟင်းနုနွယ်တောမှ ဟင်းနုနွယ်ရွက်များကို ခူးယူပွဲတော်ဆက်သရာ ပွဲတော်တည်ပြီးမကြာမီ ပဋိသန္ဓေရှိလာကာ နေ့လစေ့၍ မင်းသမီးတစ်ပါး ဖွားမြင်လာခဲ့ပါသည်။ ဟင်းနုနွယ်ဟင်းစားပြီး ပဋိသန္ဓေတည်ခြင်းကိုအစွဲပြု၍ မင်းသမီးလေး၏ အမည်ကို နန်းဖတ်ခုံဟု အမည်တွင်ခဲ့ပါသည်။ ယင်းမင်းသမီးလေးသည် ဖခင်ဆင်မင်းထံသွားရောက်နေထိုင်စဉ် ဆင်မင်းမှာမုဆိုးလိုက်၍ ထွက်ပြေးရာမှ မင်းသမီးလေးကို လွိုင်မွန်းတောင်ပေါ်ရှိ ရသေ့ကျောင်းဝန်းအတွင်း ချထားသဖြင့် ရသေ့ကြီးမှကောက်ယူမွေးစားခဲ့ပါသည်။ ယင်းအချိန်တွင် ကယားပြည်နယ်မှ မင်းသားလေးတစ်ပါးသည် တောလည်လာရာမှ အဖော်များနှင့်ကွဲ၍ မပြန်နိုင်တော့ဘဲ ရသေ့ကြီးမှမွေးစားခဲ့ပါသည်။ သမီးတော်၊ သားတော် ၂ ပါးအရွယ်ရောက်လာသော် ရသေ့ကြီးမှ ထိမ်းမြားလက်ထပ်ပေးပြီး ယခုတောင်မြို့ရပ်ကွက်တွင် မြို့သစ်တည်၍ အုပ်ချုပ်စေခဲ့ပါသည်။ မြို့၏အမည်ကို ထိမ်းမြားလက်ထပ်စဉ်က ဘိတ်သိတ်မြောက်ပေးသော ခေါင်ရမ်းပန်းအနီကို ရှမ်းဘာသာဖြင့် “မွဂ်မံ’ဟု ခေါ်ခြင်းအပေါ်အစွဲပြု၍ မောက်မယ်ဟု ခေါ်တွင်ခဲ့သည်။ မောက်မယ်မြို့နယ်ကို  ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဌာန၏ (၂၇.၇.၁၉၇၂)ရက်စွဲပါစာအမှတ်၊ ၁၀၃/ ၅၄ စိတ် (၁) ၏ထုတ်ပြန် သည့်အမိန့်ကြော်ငြာစာဖြင့်ဖွဲ့စည်းခဲ့ပါသည်။

Attractions in မောက်မယ်