"ကျောက်တံခါး"

ကျောက်တံခါးမြို့နယ်သည် ရပ်ကွက် ၁၈ ခု၊ ကျေးရွာအုပ်စု ၄၆ စု၊ ကျေးရွာပေါင်း ၃၁၂ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၂၆၄၉၁၉ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့ အကျယ်ဆုံး  ၃၄ မိုင်၊ အကျဉ်းဆုံး ၂၁ မိုင်နှင့် တောင်မှမြောက်သို့ အကျယ်ဆုံး ၄၀ မိုင် အကျဉ်းဆုံး ၂၈ မိုင် ရှည်လျားပါသည်။ ကျောက်တံခါးမြို့နယ်၏ အရှေ့ဘက်တွင် စစ်တောင်းမြစ်နှင့် ကျောက်ကြီးမြို့နယ်၊ တောင်ဘက်တွင် ညောင်လေးပင် မြို့နယ်နှင့် ဒိုက်ဦးမြို့နယ် ၊ အနောက်ဘက်တွင် ပဲခူးရိုးမ ၊ မြောက်ဘက် တွင် ဖြူးမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိပါသည်။ အနောက်ဘက်တွင် ပဲခူးရိုးမရှိသည်မှအပ အများအားဖြင့် မြေပြန့်ချိုင့်ဝှမ်း၊ မြေပြန့်လွင်ပြင်နှင့် မြစ်ချောင်းများ ရှိပါသည်။  မြစ်ချောင်းများ ပေါများသည့် ဒေသ ဖြစ်ပြီး ထင်ရှားသည့်မြစ်ချောင်းများမှာ စစ်တောင်းမြစ်၊ ကွန်းချောင်း၊ သပိတ်ချောင်း၊ တုံကန်ချောင်း၊ အိုင်တုံးချောင်း၊ ရဲနွယ်ချောင်း၊ ဘိုင်းဒါး ချောင်းတို့ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ကျောက်တံခါးသည် ကိုလိုနီခေတ်ဦးကာလတွင်မှ စည်ပင်လာသည့် မြို့ ဖြစ်သည်။ သီပေါမင်း ပါတော်မူချိန်ထိ တောဖုံးနေသေးသည်။ မြို့အရှေ့ဘက် စစ်တောင်းမြစ်ကမ်းတွင် လှေသမ္ဗန်များ ရပ်တန့်ကာ ကုန်တင်ကုန်ချ လုပ်သည်။ ၁၈၈၅ တွင် အိန္ဒိယအစိုးရက အိန္ဒိယမြေပိုင်ရှင် သူဌေး အိတ်ချ်အေ မီး‌လင်း ပိုင်ဆိုင်သော မြေကွက် ယူ၍ ကျောက်တံခါးအနောက်ဘက် တောဖုံလွှမ်းရာ မြေဧက ၂၈၇၀၀ ကျော်ကို နှစ် ၆၀ ဂရန်ဖြင့် ပေးသည်။

မစ္စတာ မီးလင်းသည် ထိုစဉ် အိန္ဒိယမှ ဟိန္ဒူများကို လယ်လုပ်ခွင့် ပေးမည်၊ လယ်ပိုင်ဆိုင်ခွင့် ရမည်ဆိုကာ စရိတ် ထုတ်ပေးပြီး ၁၈၈၅ တွင် စတင် ခေါ်ယူသည်။ ထိုစဉ် ရန်ကုန်ပြွန်တန်ဆာ- တောင်ငူ မီးရထားလမ်း ဖောက်လုပ်နေရာ ၃ နှစ် ဆက်တိုက် ခေါ်ယူ နေရာချထားပေးသည်။ မူလဂရန်မြေအတွင်းတွင် ကရင်၊ ရှမ်းနှင့် ဗမာရွာ အနည်းငယ် ရှိနေရာ ရှမ်းကုန်းတွင် တောင်ယာလုပ်ကိုင် စားသောက်သူများ နေထိုင်သည်။

ရှမ်းတိုင်းရင်းသားများသည် ကျန်းမာရေးအတွက် ရှမ်းအုတ်သျှစ်ကုန်းနေ မြန်မာဆေးဆရာကို အားကိုးပြုသည်။ ယင်းဆေးဆရာကို ကျောင်းတကာဟု ခေါ်ရာ ရှမ်းတိုင်းရင်းသားများက ကျောက်တကားဟု မပီမသ ခေါ်ဆိုသည်။ မီးရထားလမ်း ဖောက်ပြီးသောအခါ ရန်ကုန်ကျောက်တံတားနှင့် ဆင်တူယိုးမှား ဖြစ်၍ ကျောက်တံခါးဟု ပြောင်းသည်။ ၁၉၆၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့မှစပြီး ညောင်လေးပင်အနောက်မြို့နယ်မှ ကျောက်တံခါးမြို့နယ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၃၀-၈-၁၉၇၂ ရက်စွဲပါစာအမှတ် ၁၀၃/ ၅၉/ စိတ်(၁) ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ ကျောက်တံခါးမြို့နယ်ဟု သတ်မှတ် အတည်ပြုခဲ့ပါသည်။

Attractions in ကျောက်တံခါး