"ရမ်းဗြဲ"

ရမ်းဗြဲမြို့နယ်သည် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၅၁ စု၊ ကျေးရွာပေါင်း ၂၀၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၉၈၃၇၀ ကျော်နေထိုင်ပါသည်။ မြို့နယ် ဧရိယာအကျယ်အဝန်းမှာ ၅၀၆.၇၃ စတုရန်းမိုင်ရှိပါသည်။ ရမ်းဗြဲမြို့နယ်၏ အရှေ့ဘက်တွင် တောင်ကုတ်မြို့နယ်၊ တောင် ဘက်တွင် မာန်အောင်မြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက် တွင် ဘင်္ဂလားပင်လယ်အော်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် အမ်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ ရမ်းဗြဲမြို့နယ်သည် တောတောင်ထူထပ်ပါသည်။ မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသည့် မြစ်ချောင်းများမှာ ကလိန်တောင်မြစ်၊ အမ်းမြစ်၊ သံဇစ်မြစ်တို့ ဖြစ်ပါသည်။ မြစ်ချောင်းများမှာ ရေငံများဖြစ်ပြီး သင်္ဘော/ စက်လှေများလည်း သွားလာနိုင်သော မြစ်များဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ရမ်းဗြဲမြို့နယ်သည် ရှေးရခိုင်ပြည်နယ်တွင် ဓည၀တီ၊ ဒွါရာ၀တီ၊ ရမ္မာ၀တီ၊ မေဃ၀တီဟူသော ၀တီလေးရပ်ရှိခဲ့ရာ ရမ္မာဝတီ ရမ်းဗြဲမြို့ ဖြစ်ခဲ့ပါသည်။ ရမ်းဗြဲမြို့ တောင်ကျောင်းဆရာတော် ဦးစန္ဒမာလာလင်္ကာရ ရေးသားခဲ့သော ရခိုင်ရာဇ၀င်သစ်ကျမ်း တတိယတွဲစာမျက်နှာ(၁၉၃) တွင် အန္တရကပ်တစ်ဆယ့်တစ်ကပ်မြောက်၌ တင်ပြသော မဟာသမ္မတမင်း မှစ၍ ၀ရဗန္ဒာမင်း ဖြစ်တော်မူသောအခါ ထိုမင်း၏သားတော် ၀ဇာပတိ၊ အာသာပတိ၊ နရပတိ၊ ၀ဏ္ဏပတာဟူ၍ သားလေးယောက်ရှိကြောင်း၊ ထိုသား လေးယောက်တို့တွင်၀ဇာပတိသားတော်အား ဇမ္ဗူဒိတ်ကျွန်း၏မြောက်ပိုင်း၊ အာသာပတိအားကျွန်း၏တောင်ပိုင်း၊ နရပတိအားကျွန်း၏ အရှေ့ပိုင်းကို ပေးအပ်တော်မူကြောင်း၊ အငယ်ဆုံး ဝဏ္ဏပတာကို ပေးအပ်တော်မူရာ မိမိကံပေးတာကိုလိုပါသည်ဟုလျှောက်ထားသဖြင့် ကံမြင့်တွင်ပေးကြောင်း၊ ၄င်းကံမြင့်ရာဇာအား ဂဝံပတိပရဟိသွာနတ်မင်းတို့ ဖန်ဆင်းတည်ထောင် အပ်သော ငါတို့ရမ္မာဝတီသည် ဒွါရာဝတီ၊ မေဃ၀တီ၊ ဓည၀တီတို့နှင့် ဖြစ်ထွန်းပေါ်ပေါက်လာကြောင်းနှင့် ဆိုထားပါသည်။ သက္ကရာဇ် ၇၉၂ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၅)ရက်နေ့ မင်းစောမွန်လက်ထက်တွင် အိမ်ထောင်စု(၁၇၉)စု၊ ရွာ(၁၉)ရွာနှင့် ပညာရှိအမတ် သတိုးအောင်ကျော် တို့ကို ရမ်းဗြဲကျွန်းအုပ် အမတ်ကြီးခန့်ကာ ရမ္မာဝတီဝန် အဖြစ် နရသမိုင်းကို ခန့်ထားပြီးမြို့ ၀န် မောင်စံသာအထိ(၂၁)ဆက်အုပ်ချုပ်ခဲ့ပါသည်။ ထိုနောက် ခရစ်သက္ကရာဇ်-၁၈၂၆ ခုနှစ်တွင် ဗြိတိသျှတို့သိမ်းပိုက်ပြီး နောက်ရမ်းဗြဲခရိုင်ဟု သတ်မှတ်ကာ ခရိုင်ရုံးစိုက်ခဲ့ပါသည်။ ၁၈၅၂ခုတွင် ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်ဟု ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးချုပ်၏ (၁၅.၇.၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၅၁၇) နှင့် (၉.၁၁.၇၂)ရက်စွဲပါ အမိန့်ကြော်ငြာစာပြင်ဆင်ချက်ဖြင့်ရမ်းဗြဲမြို့ကို မြို့နယ် အဖြစ်သတ်မှတ်ခဲ့ပါသည်။

Attractions in ရမ်းဗြဲ