"ရွှေပြည်သာ"

ရွှေပြည်သာမြို့နယ်သည် ယခင်အင်းစိန်မြို့နယ်အပိုင် လှော်ကား၊ ကျောင်းကုန်း၊ အုပ်ဖို၊ ဇီးကုန်း၊ ကျူချောင်၊ သံဒင်း/တံတားကြီး စသော ကျေးရွာ အုပ်စု ၆ အုပ်စုနှင့် ကျေးရွာ ၁၁ ရွာရှိ ပတ်ဝန်းကျင် လယ်မြေ (၄၇၅၀.၂၂) ဧက ကို မြို့ပြစီမံကိန်း (Town Plan)အတွက် သိမ်းယူပြီး (၁.၁၂.၁၉၈၆)ရက်နေ့ တွင် အုတ်ဖိုမြို့သစ်အဖြစ် စတင်ကာ မြို့ကွက်ဖော်ထုတ်ခဲ့ပါသည်။ ထိုစဉ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်ကွင်းလမ်း တိုးချဲ့ရေး စီမံကိန်း နှင့် မလွတ်ကင်းသော အင်းစိန်မြို့နယ်အတွင်းရှိ ဖော့ကန် ရပ်ကွက်၊ ရွာမအရှေ့ ရပ်ကွက်၊ စဥ့်ငူရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ စော်ဘွားကြီးကုန်းရပ်ကွက်များ မှ အိမ်ထောင်စုများအား ပြောင်းရွှေ့နေရာချ ထားပေးခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တာဝန်ယူပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ကျူးကျော်နေအိမ်များ၊ ဌာနဆိုင်ရာစီမံကိန်းနှင့် မလွတ်ကင်းသည့် နေအိမ်များ၊ အိုးမဲ့အိမ်မဲ့များအား နေရာချထားနိုင်ရန် တိုးချဲ့တည်ဆောက်ခဲ့ပါသည်။ ထိုစဉ်က ရပ်ကွက် ၉ ခု၊ ကျေးရွာအုပ်စု ၅ စု၊ ကျေးရွာ ၁၁ ရွာဖြင့် ဖွဲ့စည်းခဲ့ပြီး လူနေထိုင်မှု ပိုမိုများပြား ဖွံ့ဖြိုးလာသည့်အပြင် အုပ်ချုပ်မှုနီးစပ်နေသော မှော်ဘီမြို့နယ်အပိုင် ဝါးတရာ ကျေးရွာအုပ်စု၊ လိန်ကုန်းကျေးရွာအုပ်စု၊ သံဒင်းအနောက် ကျေးရွာအုပ်စုနှင့် လိပ္ပုတ်ကျေးရွာတို့မှ ကွင်းများအား မြို့နယ်အတွင်းထည့်သွင်းကာ ပြည်ထဲရေး ဝန်ကြီးဌာန၏ (၁၆.၂.၂၀၀၃) ရက်စွဲပါစာအမှတ်၊ ၁၀၀/၂၃/၂၃၉/ဦး ၁ ဖြင့် ရွှေပြည်သာမြို့နယ်အား ရပ်ကွက် ၂၃ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄ စု၊ ကျေးရွာ ၅ ရွာ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ရွှေပြည်သာမြို့နယ်၏ အရှေ့ဘက်တွင် မင်္ဂလာဒုံမြို့နယ်နှင့် လှော်ကားကန်၊ အနောက်ဘက်တွင် လှိုင်မြစ်(ခ)ဝါးတရာမြစ်နှင့် ထန်းတပင်မြို့နယ်၊ တောင်ဘက်တွင် အင်းစိန်မြို့နယ်နှင့် မြောက်ဘက်တွင် မှော်ဘီမြို့နယ်တို့ ဖြင့် နယ်နိမိတ် ထိစပ်တည်ရှိပါသည်။

ရွှေပြည်သာမြို့နယ်သည် အရှေ့ဘက်တွင် လှော်ကားရေဝေရေလဲ သစ်တောကြိုးဝိုင်းမှ တောင်ကုန်း တောင်တန်းများရှိပြီး အနောက်ဘက်သို့ တဖြေးဖြေးနိမ့်လျောပြေပြစ်ကာ မြေပြန့်လွင်ပြင်များ ဖြစ်ပေါ်လျက်ရှိပါသည်။ အရှေ့ဘက် တောင်ကုန်းများမှ စီးဆင်းလာသော မိုးရေနှင့် တောင်ကျရေများ သည် ချောင်းငယ် ၁၁ ခုဖြင့် ဖြတ်သန်းလျက်အနောက်ဘက်ရှိ လှိုင်မြစ်(ခ) ဝါးတရာမြစ်အတွင်း စီးဆင်းဝင်ရောက်ပါသည်။ မြစ်ချောင်းများ အနည်းငယ်ပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသည့်မြစ်မှာ လှိုင်မြစ်(ခ) ဝါးတရာမြစ်ဖြစ်ပါသည်။ လှိုင်မြစ်(ခ)ဝါးတရာမြစ်သည် ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ စသည် ဖြင့် အသုံးပြုနိုင်သည်။ လှိုင်မြစ် (ခ) ဝါးတရာမြစ်သည် သင်္ဘော / စက်လှေများ လည်း သွားလာနိုင်သော မြစ်ဖြစ်ပါသည်။

Attractions in ရွှေပြည်သာ