"မြို့သစ်"

မြို့သစ်မြို့နယ်သည် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၄၇ စု၊ ကျေးရွာပေါင်း ၁၇၉ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၈၃၂၆၆ ကျော်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၆၁၂.၆၈ စတုရန်းမိုင်ရှိပါသည်။ မြို့သစ်မြို့နယ်၏ အရှေ့ဘက်တွင်မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်နှင့် မြောက်ဘက်တွင် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ မြို့နယ်၏အလယ်ပိုင်းတွင် မြောက်မှတောင်သို့ စီးဆင်းနေသော ယင်းချောင်းရှိပြီး မြို့နယ်၏ အရှေ့ဘက် ၆ မိုင်အကွာတွင် မြေသားလယ်မြေများ တည်ရှိပါသည်။ မြို့နယ်၏ အနောက်ဘက် ၅ မိုင် အကွာမှစ၍ သဲဆန်သောယာမြေများ ရှိကြပါသည်။ မြို့နယ်၏ အရှေ့ဘက်မှစတင်ပြီး မြို့နယ်အဆုံး မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မြို့နယ် နယ်စပ်အထိတောင်ကုန်းမြေများ ဖြစ်ကြပါသည်။

မြို့သစ်မြို့နယ်အတွင်း မြောက်မှတောင်သို့ စီးဆင်းသော ယင်းချောင်းနှင့် အရှေ့မှအနောက်သို့စီးဆင်းသော ပုလင်းချောင်း၊ စွန်ချောင်းနှင့်စတုံချောင်းများရှိပါသည်။

ဒေသသမိုင်းအကျဉ်း

မြို့သစ်မြို့နယ်ဖြစ်ပေါ်လာပုံမှာ ပုဂံပြည်၊ နရပတိစည်သူမင်းက တောင်တွင်းကြီးမြို့သို့ တိုက်ခိုက်သိမ်းယူမည်ဟု ဗိုလ်ခြေရှစ်သောင်း ဖြင့်ချီလာကြောင်း၊ တောင်တွင်းကြီးမင်းခေါင်ငယ်ကြား သိသောအခါ မှူးမတ်တို့နှင့်တိုင်ပင်ရာ ပညာရှိမှူးမတ်တို့ကို မြို့လုလင်မြို့တွင် ကောက်နယ်တလင်းခန့် အောင်မြေကွက်ရှိကြောင်း၊ ထိုအောင်မြေခံ တော်မူ၍ ပုဂံမင်းနရပတိစည်သူ၏ရန်ကို အောင်မြင်နိုင်ပါလိမ့်မည်ဟု လျှောက်ထားကြလျှင် တောင်တွင်းမင်းခေါင်ငယ်သည် လူနှစ်သောင်းနှင့် လုလင်မြို့ကို ကတုတ်တမံပြုလုပ်စေ၍ ဘူမိဇေယျာအရပ်မှနေ၍ ခုခံတော်မူသည်။ နရပတိစည်သူမင်းလည်း တောင်တွင်းမင်းခေါင်ငယ်သည် လုလင်မြို့မှ ဆီးကြိုခုခံကြောင်းသိရှိ၍ ပုလင်းချောင်းမြောက်ဘက်တွင် ဆင်၊မြင်းအတွက် ရေကောင်းရသော ယင်းချောင်းကို အမှီပြု၍ စည် မျက်နှာတမျှညီညွတ်လှသော မြေအရပ်၌ တစ်မျက်နှာလျှင် လေးတောင်တာ အပြန်ငါးရာခန့် ပြန့်ပြူးကျယ်ပြောသော မြို့နယ်တစ်ခုပြုလုပ်၍ စံနေတော်မူသည်။ ထိုမြို့တွင် အရှေ့ဘက်မျက်နှာ၌ ထုရတံခါး၊ တောင်ဘက်မျက်နှာ၌ တင်ကူးတံခါးဟုအမည်ပေး၍ မြို့မြေကိုလည်း အယုဒ္ဓရပူရတိုင်းသိကြားပိုင်သော ကသစ်မြို့ကိုယူပြီး ကသစ်မြို့ဟု သမုတ်တော်မူ၍ ထိုအရပ်ကို အခိုင်အလုံ ခိုဝပ်နေထိုင်တော်မူသည်။ နောင်အခါ မြို့သစ်မြို့ဟု ခေါ်တွင်စေသည်။

Attractions in မြို့သစ်