"ကော့မှူး"

ကော့မှူးမြို့နယ်ကို ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် ကွမ်းခြံကုန်းမြောက်ပိုင်း မြို့နယ်ခွဲအဖြစ် သတ်မှတ်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်၊ ဇူလိုင် (၁၇) ရက်နေ့တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာဖြင့် ကော့မှူးမြို့နယ် အဖြစ် သတ်မှတ်ခဲ့ပြီး ယခုအချိန်တွင် ရပ်ကွက် ၇ ခု၊ ကျေးရွာအုပ်စု ၅၅ စု၊ကျေးရွာပေါင်း ၁၃၀ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၃၀၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၃၈ မိုင် ၁ ဖာလုံ၊ တောင်မှမြောက်သို့ ၁၇ မိုင် ၂ ဖာလုံ ရှည်လျားပြီး ၂၄၁.၀၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေမျက်နှာပြင် အမြင့်မှာ ၁၅ ပေ ဖြစ်ပါသည်။ အရှေ့ဘက်တွင် ရန်ကုန်မြစ်နှင့် ကျောက်တန်းမြို့နယ်၊ အနောက်ဘက်တွင် တိုးမြစ်နှင့် မအူပင်မြို့နယ်၊ တောင်ဘက်တွင် ကွမ်းခြံကုန်းမြို့နယ်၊ မြောက်ဘက်တွင် တွံတေးမြို့နယ်တို့ တည်ရှိပါသည်။ ဒလ-ကော့မှူး-ကွမ်းခြံကုန်း ကားလမ်းသည် အနောက်ဘက် တောကြီးတန်းနှင့် အရှေ့ဘက် လယ်ကွင်းများအား ပိုင်းခြားထားပြီး တောင်နှင့်မြောက် ဖြတ်သန်း ဖောက်လုပ်ထားပါသည်။ ကော့မှူးမြို့နယ်တွင် ချောင်း ၉ ချောင်းရှိ၍ ထင်ရှားသောချောင်းမှာ ဖလေးချောင်းဖြစ်ပြီး မြို့နယ်အတွင်းသို့ ဖြတ်သန်းကာ မြောက်မှတောင်သို့ စီးဆင်းပါသည်။ မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ မြို့နယ်အတွင်းရှိ မြစ်များသည် ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပြီး နွေရာသီတွင် ရေနည်းသောကြောင့် စက်လှေငယ်များသာ သွားလာနိုင်သည်။ တိုးမြစ်နှင့် ရန်ကုန်မြစ်သည် မြို့နယ်အနီးရှိ ကျေးရွာများ အနီးတွင် ဖြတ်သန်းစီးဆင်းသောကြောင့် စက်တပ်ရေယာဉ်များ ရာသီမရွေး သွားလာနိုင်ပါသည်။ ကျိုက်ထော်(မြောက်) ကျေးရွာတွင် ဆိပ်ခံဘောတံတားလည်း ရှိပါသည်။ ကော့မှူးမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၃၆˚C ဖြစ်ပါသည်။ ကော့မှူးမြို့နယ်သည် စီးပွားရေး အချက်အချာကျပြီး ကုန်းလမ်း၊ ရေကြောင်းလမ်းများ ဆုံရာတွင် တည်ရှိသောကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းကိုလည်း စီးပွားဖြစ်လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပြီး အခြားစိုက်ပျိုးသီးနှံများမှာ ဝါး၊ ကွမ်း၊ ဟင်းသီးဟင်းရွက်တို့ဖြစ်ပါသည်။

Attractions in ကော့မှူး