"ဂန့်ဂေါ"

ဂန့်ဂေါမြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၇၀ စု၊ ကျေးရွာပေါင်း ၁၀၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၃၅၇၇၆ ကျော် နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့ ၂၅ မိုင်နှင့် တောင်မှမြောက် သို့ ၇၇ မိုင် ရှည်လျားပါသည်။ ဂန့်ဂေါမြို့နယ်၏ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်၊ မင်းကင်းမြို့နယ်၊ကနီမြို့နယ်တို့နှင့်နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ချင်းပြည်နယ်ရှိ ဟားခါးမြို့နယ်နှင့်ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပါသည်။ ဂန့်ဂေါမြို့နယ်သည် တောင်ကုန်းတောင်တန်းပေါများပြီး သစ်တော များ ဖုံးလွှမ်းနေပါသည်။ မြစ်ချောင်းများမှာ မြစ်သာမြစ်၊ လောင်ထောင် ချောင်း၊ မောချောင်း၊ ဇာဟောချောင်း၊ တော်၀င်ချောင်း၊ လောင်ဂတ်ချောင်း၊ ကျောချောင်းတို့ဖြစ်ပါသည်။ ထင်ရှားသောမြစ်မှာ မြစ်သာမြစ်ဖြစ်၍ တောင်မှမြောက်သို့ ထူးခြားစွာ စီးဆင်းလျက်ရှိပါသည်။ ၎င်းမြစ်သာမြစ်မှာ နွေရာသီတွင်ရေအနက် ၅ ပေခန့်သာရှိ၍ စက်လှေများသွားလာနိုင်မှုမရှိပါ။ ဂန့်ဂေါမြို့နယ်၊ ကျောမြို့အတွင်း မြောက်မှတောင်သို့ စီဆင်းလျက်ရှိသော ကျောချောင်းသည် ပေါက်မြို့နယ်အတွင်းရှိ ပေါက်ချောင်းအတွင်းသို့ စီးဝင် လျက်ရှိပါသည်။ မြို့နယ်အတွင်း အမြင့်ဆုံးတောင်မှာ ပုံတောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် ၃၈၅၀ပေ မြင့်သည်။

ဒေသသမိုင်းအကျဉ်း

ဂန့်ဂေါမြို့နယ်သည် ရှေးပဝေသဏီအချိန်က ဂန့်ဂေါမြို့နယ်ဟု ခေါ်တွင် လာမည့်နေရာတွင် ပုဂံခေတ်၊ နရသီဟပတေ့မင်းလက်ထက်၌ မစ္ဆဂီရိအရပ်တွင် သက်လူမျိုးတို့ ပုန်ကန်ထကြွသည်ကို နှိမ်နှင်းရာတွင် အရေးမလှ၍ တပ်ပျက် ထွက်ခွာခဲ့သော တပ်ဗိုလ်၊ တပ်မှူးအချို့အား ပြစ်ဒဏ်ပေးသည့် အနေဖြင့် သစ်တော ၄ ရပ်သို့ပို့ခဲ့ရာ ကံ့ကော်တောအရပ် သို့ရောက်လာသူများမှ မြို့ရွာ တည်ထောင်ခဲ့သည်ကို သက္ကရာဇ် ၆၀၈ ခုနှစ်တွင် ကံ့ကော်တောရွာဟု သမုတ် ခဲ့ပြီး ကံ့ကော်တောရွာမှတဆင့် ကာလရွေ့လျားလာပြီး ယနေ့ထိဂန့်ဂေါဟု ခေါ်တွင်လာခဲ့သည်။ ၁၉၀၅ခုနှစ်တွင် အင်္ဂလိပ်အစိုးရက နယ်ပိုင်ရုံးစိုက်ခဲ့သဖြင့် ဂန့်ဂေါမြို့ ဖြစ်လာခဲ့ပါသည်။ ယခင်က ပခုက္ကူခရိုင်တွင်ပါ၀င်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဂန့်ဂေါခရိုင်၏ မြို့တော်ဖြစ်ခဲ့ပါသည်။ ပြည်ထဲရေး၀န်ကြီးဌာန၏ (၂၇.၈.၁၉၇၃)ရက်စွဲပါစာအမှတ်၊၂/၁၃၉/အထ(၂)ဖြင့် ဖွဲ့စည်းထားသော မြို့နယ်ဖြစ်လာခဲ့သည်။ ဂန့်ဂေါမြို့နယ်၊ ကျောမြို့၏ သမိုင်း အကျဉ်းမှာ ကောဇာသက္ကရာဇ်(၂၂၄)ခုနှစ် ပျူနွယ်ဖွား ဦးကျော်၀မှ ကျောချောင်း မြောက်ဘက်တဲနိမ့်(အရပ်ခေါ်တောအမည်)နေရာတွင် ကျောရွာကို ပထမအကြိမ် အဖြစ် စတင်တည်ထောင်ခဲ့ရာ ရွာတည်ထောင်သူ ဦးကျော်ဝအား အစွဲပြု၍ ကျော်ဝရွာဟုသမုတ်ခဲ့ရာမှ ကာလရွေ့လျားလာသောအခါ ကျောဟုခေါ်ဝေါ် ခဲ့ကြသည်။ သဘာ၀ဘေးအန္တရာယ်နှင့် ကျောချောင်းရေတိုက်စားကာရွာ ပျက်စီး၍ သက္ကရာဇ် ၁၁၃၀ခုနှစ် တပို့တွဲလပြည့်ကျော်(၅)ရက် အင်္ဂါနေ့ နံနက်ရောင်နီ လာချိန်တွင် မင်္ဂလာပန္နက်ရိုက်၍ ဒုတိယအကြိမ်ကျောရွာကို ယခုလက်ရှိ တည်နေရာတွင် ပြန်လည်တည်ထောင်ခဲ့ကြပါသည်။ ပန္နက်ရိုက်ရာ နေရာတွင် ကျားတစ်ကောင်လာဝပ်သည်ကိုတွေ့မြင်ကြ၍ ၄င်းကိုအစွဲပြုပြီး ကျားဝင်ရွာဟု ပြောင်းလဲအမည်ပေးခဲ့သော်လည်း ကာလကြာလာသောအခါ ကျားဝပ်ရွာမှ ကျောရွာဟုပင်အမည်နာမ ခေါ်တွင်ခဲ့ကြသည်။ ပြည်ထဲရေး၀န်ကြီးဌာန၏ (၃၀.၃.၂၀၁၅)ရက်စွဲပါစာအမှတ်၊၂၀၀/၂၃-၁၂၇(၄၅၇)ဦး၁(အထဥ)ဖြင့် ပေးပို့သည့် အမိန့်ကြော်ငြာစာဖြင့် ကျောကျေးရွာ၊ ရွှေပင်ကျေးရွာ၊ ပဲမစားကျေးရွာ၊ ရွာငယ်ကျေးရွာ၊ ကျွဲကိုင်းကျေးရွာ၊ စခါးကျေးရွာ ၆ ရွာအားစုစည်း၍ ကျောမြို့အဖြစ် သတ်မှတ်ပြီး အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက် ဖြင့်ဖွဲ့စည်းပြီး ကျောမြို့ အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။

Attractions in ဂန့်ဂေါ