"လှည်းကူး"

လှည်းကူးမြို့နယ်သည် တောင်နှင့်မြောက် အနံကျဉ်းပြီး အရှေ့နှင့်အနောက် ရှည်လျားပါသည်။ လှည်းကူးမြို့နယ်သည် ပဲခူးရိုးမပေါ်သို့ မေးတင်ထားပြီး ပဲခူးမြစ်အတွင်းသို့ အမြီးချထားသော မိချောင်းတစ်ကောင်၏ပုံအလား တည်ရှိသည်ကို တွေ့ရှိရသည်။ ပဲခူးရိုးမတွင် ချောင်းဖျားခံ၍ ပဲခူးမြစ်နှင့် ပေါင်းစပ်စီးဝင်သွားသော ချောင်းကြီးမှာ မိချောင်း၏ ကျောရိုး သဏ္ဌာန်တည်ရှိနေသည်။ တပင်ရွှေထီးဒဂုံသို့ ဆင်းသော လမ်းမကြီးမှာ ယခုအင်းတိုင်ကျေးရွာအုပ်စု၊ စက်စုရွာနှင့် ဘုရားကြားမှ မီးခိုးကန်ကွင်း၊ တံခွန်တိုင်ကျေးရွာအုပ်စုဘက်သို့ ဆင်းသောလမ်းဖြစ်ပြီး ယခုတိုင် တပင်ရွှေထီးလမ်းဟု ခေါ်ဝေါ်ဆဲပင် ဖြစ်သည်။ ရွာမရွာအနီးတွင် လှည်းများဖြတ်ကူးရာ ရိုးချောင်းငယ်တစ်ခုရှိပြီး လှည်းဆိပ်ဖြစ်သည့်အလျောက် လှည်းကူးဆိပ်ဟု အမည်တွင်ရာမှ လှည်းကူးမြို့ဟု အမည်တွင်လာခြင်းဖြစ်ပေသည်။ ရွာမရပ်ကွက်သည် လှည်းကူးမြို့ စတင် သန္ဓေတည်ရာ မြို့ကွက်ပင်ဖြစ်သည်။ လှည်းကူးမြို့နယ်တွင် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု  ၅၂ စု၊ ကျေးရွာပေါင်း ၁၆၈ ရွာပါဝင်ပြီး လူဦးရေပေါင်း ၂၄၀၀၀၀ ခန့် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၁၃.၅ မိုင်၊ တောင်မှမြောက်သို့ ၃၅ မိုင် ရှည်လျားပြီး ၅၇၆.၉၁၈ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ပဲခူးမြို့နယ်နှင့် ကဝမြို့နယ်၊ တောင်ဘက်တွင် ဒဂုံမြို့သစ်မြို့နယ်နှင့် သန်လျင်မြို့နယ်၊ အနောက်ဘက်တွင် မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ်၊ မြောက်ဘက်တွင် ပဲခူးရိုးမတို့ တည်ရှိပါသည်။ လှည်းကူးမြို့နယ်တွင် မြစ်ချောင်းများ အသင့်အတင့်ရှိပြီး မြစ်ချောင်းများသည် မြောက်မှ တောင်သို့ စီးဆင်းလျှက်ရှိသည်။ ငမိုးရပ်ချောင်းမှာ ထင်ရှားပြီး လှည်းကူးမြို့အလယ်မှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းပါသည်။ လဂွင်းပြင်ချောင်း၊ ခရိမ်ချောင်းနှင့် ဘားလားချောင်းတို့မှာလည်း ထင်ရှားပြီး မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ ဒေသအတွင်းရှိ ရေအရင်းအမြစ်အများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုပါသည်။ လှည်းကူးမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၄၅.၅ ပေတွင် တည်ရှိပါသည်။ လှည်းကူးမြို့နယ်သည် ရာသီဥတုသင့်တင့်မျှတ၍ အမြင့်ဆုံးအပူချိန်မှာ ၃၈˚C ဖြစ်သည်။ စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး မွေးမြူရေးနှင့် ဥယျာဉ်ခြံစိုက်ပျိုးခြင်းလုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျှက် ရှိသည်။

Attractions in လှည်းကူး