"မောင်တော"

၁၉၀၇ ခုနှစ်၊ မြို့များအက်ဥပဒေအရ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ မောင်တောမြို့အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပါသည်။ မောင်တောမြို့နယ်ကို တောင်ပြိုလက်ဝဲ၊ မြင်းလွှတ်၊ ခမောင်းဆိပ် အုပ်စုအပါ ရပ်ကွက် ၂၄ ခု၊ ကျေးရွာအုပ်စု ၉၆ စု၊ ကျေးရွာပေါင်း ၃၆၄ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၁၀၀၀၀ ကျော် နေထိုင်ပါသည်။ မောင်တောမြို့နယ်သည် တောင်မှမြောက်သို့ ၇၂ မိုင်၊ အရှေ့မှအနောက်သို့ ၈.၁၄ မိုင်ရှည်လျားပြီး ၅၈၅.၉၂ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ဘူးသီးတောင်မြို့၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နတ်မြစ်၊ တောင်ဘက်တွင် ရသေ့တောင်မြို့နယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ် ဆက်စပ်လျှက်ရှိသည်။ မြို့နယ်အနောက်ဘက်နှင့်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နတ်မြစ်တို့နှင့် ထိစပ်မှုမှာ ရေမိုင် ၄၁ မိုင်၊ ကုန်းမိုင် ၄၂ မိုင် စုစုပေါင်း ၈၃ မိုင်ခန့် ထိစပ်လျှက်ရှိသည်။ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် ထိစပ်မှုမှာ ၂၅ မိုင်ဖြစ်ပါသည်။ မောင်တောမြို့နယ်၏ အရှေ့ဘက်တွင် မေယုတောင်တန်း တည်ရှိပါသည်။ မြို့နယ်အနောက်ဘက်ရှိ နတ်မြစ်သည် မြောက်မှတောင်သို့ စီးဆင်းပြီး ချောင်းလက်တက်များမှာ မေယုတောင်တန်းမှ မြစ်ဖျားခံ၍ နတ်မြစ်သို့ စီးဆင်းပါသည်။ နတ်မြစ်သည် ဘင်္ဂလားပင်လယ်အော်နှင့် နီးသောနေရာ၌ ရေငံ၍ မြောက်ဘက်အဖျားပိုင်းတွင် ရေချိုအဖြစ် တည်ရှိပါသည်။ မောင်တောမြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၀ ပေ အထက်တွင် တည်ရှိပြီး အမြင့်ဆုံးတောင်မှာ မင်္ဂလာကြီးတောင် (ပေ၁၀၀၀) ဖြစ်ပါသည်။ မောင်တောမြို့နယ်သည် ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၈ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။ မောင်တောမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော မြို့နယ်ဖြစ်ပါသည်။ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ပုဇွန်မွေးမြူရေးလုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ကြပါသည်။ အဓိကထွက်ကုန်မှာ စိုက်ပျိုးသီးနှံနှင့် ငါးပုစွန်တို့ ဖြစ်ပါသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကာလတွင် အင်္ဂလိပ်တို့မှ ကူညီတိုက်ခိုက်ပေးခဲ့သူ မောင်တိုးအား ဆုလာဘ်အဖြစ် မောင်တောဒေသကို လုပ်ကိုင်စားသောက် အုပ်ချုပ်ခွင့် ပေးခဲ့ပါသည်ဟု မှတ်တမ်းများအရ သိရှိရပါသည်။

Attractions in မောင်တော