"မင်းတုန်း"

မင်းတုန်းမြို့နယ်သည် ရခိုင်ရိုးမတောင်တန်း၏ အရှေ့ဘက်တွင် တည်ရှိပြီး အကျယ် အဝန်းမှာ ၉၈၆.၅၉ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့နှင့်အနောက် ၂၈.၂၅ မိုင်ရှိပြီး တောင်နှင့်မြောက် ၃၅ မိုင် ရှည်လျားပါသည်။

မင်းတုန်းမြို့နယ်သည် အရှေ့ဘက်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ တောင်ဘက်တွင် ကံမမြို့နယ်နှင့် ထိစပ်လျှက်ရှိပါသည်။ အနောက်ဘက်တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ အမ်းမြို့နယ်၊ တောင်ကုတ် မြို့နယ်တို့နှင့် ထိစပ်လျှက်ရှိပြီး မြောက်ဘက်တွင် မင်းလှမြို့နယ်နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိပါသည်။ တောင်ကုန်းတောင်တန်းထူထပ်သော ဒေသ ဖြစ်ပြီး ထင်ရှားသောတောင်တန်းများမှာ ရွှေတောင်၊ ပဲဇဝါတောင်၊ မြင်းကုဋေတောင် တို့ ဖြစ်ပါသည်။

မင်းတုန်းမြို့နယ်တွင် ချောင်းပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ထင်ရှား သောချောင်းမှာ မင်းတုန်းချောင်းဖြစ်ပြီး မင်းတုန်းမြို့ အနီးမှဖြတ်၍ အနောက်မှ အရှေ့သို့စီဆင်းကာ ဧရာဝတီမြစ်ထဲသို့ စီးဝင်ပါသည်။

ဒေသသမိုင်းအကျဉ်း

မင်းတုန်းမြို့သည် သာသနာတော်နှစ် ၆၄၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၂၆ ခုနှစ်တွင် သမုဒ္ဓရာဇ်ဘုရင်မှ ဘုမ္မဝတီမြို့အဖြစ် ခေါ်ဝေါ်သမုတ် တည် ထောင်ခဲ့သည်။ သာသနာသက္ကရာဇ် ၄၄၆ ခုနှစ် ပုဂံထီးနန်းကို ကျန်စစ်သား မင်း နန်းတက်စဉ် သားတော် ရာဇကုမ္မာရ်မင်းသားကို ရခိုင်ပြည်နယ်နှင့် ဘုမ္မဝတီတောင်စဉ် ၇ ခရိုင်ကို ပေးအပ်ခဲ့သည်။ ပုဂံပြည် ၅၃ နှစ်မြောက် ကျစွာ မင်းလက်ထက် တောကျောင်းခေါ် သရက်မြို့မှ ကံသာမင်းကြီးသည် ၎င်း၏ မိဖုရားအား သားမွေးလျှင် ထီးနန်းလုမည်စိုး၍ ကလေးအား သတ်ရန် အမိန့် ထုတ်ခဲ့ရာ လုံခြုံရာအရပ်ဖြစ်သော သမန္တနဒီချောင်းဖျား မင်းပုန်းတောင် တည်ရှိရာ ဘုမ္မဝတီမြို့၌ ပုန်းခိုနေခဲ့သည်။ မင်းသားငယ် ပုန်းခိုရာအရပ် ဘုမ္မဝတီမြို့ကို မင်းပုန်းမြို့ဟုခေါ်ခဲ့ရာ နောင်တွင် မင်းတုန်းမြို့ ဟု ပြောင်းလဲ ခေါ်ဆိုခဲ့ကြသည်။ မင်းတုန်းမြို့နယ်သည် ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၏ (၁၉-၆-၁၉၇၂)ရက်စွဲပါစာအမှတ်၊ ၁၀၃/ ၁၀/ စိတ်(၁)ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

Attractions in မင်းတုန်း