"ကျောက်ဖြူ"

ကျောက်ဖြူမြို့နယ်တွင် စနဲမြို့အပါ ရပ်ကွက် ၁၅ ခု၊ ကျေးရွာအုပ်စု ၅၄ စု၊ ကျေးရွာပေါင်း ၂၅၆ ရွာပါဝင်ပြီး လူဦးရေပေါင်း ၁၆၀၀၀၀ ကျော် နေထိုင်ပါသည်။ ကျောက်ဖြူမြို့နယ်သည် အရှေ့မှအနောက်သို့ ၅၄ မိုင်၊ တောင်မှမြောက်သို့ ၉၀ မိုင်ရှည်လျားပြီး ၆၇၈.၃၅ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် ၁၂ ပေ အထက်တွင် တည်ရှိသည်။ ကျောက်ဖြူမြို့နယ်၏ အရှေ့ဘက်တွင် အမ်းမြို့နယ်၊ တောင်ဘက်တွင် ရမ်းဗြဲမြို့နယ်၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်၊ မြောက်ဘက်တွင် မြေပုံမြို့နယ်တို့ တည်ရှိပါသည်။ ကျောက်ဖြူမြို့နယ်သည် ရမ်းဗြဲကျွန်း၏ မြောက်ဘက်စွန်းတွင် တည်ရှိပြီး ကမ်းခြေပိုင်းနှင့် ကျွန်းစုပိုင်းဟူ၍ ၂ ပိုင်း ပါဝင်ပါသည်။ ပင်လယ်ရေ မျက်နှာပြင်နှင့် ဆက်စပ်တည်ရှိပါသည်။ မြေမျက်နှာသွင်ပြင်မှာ ညီညာပြန့်ပြူးမှုနည်းပြီး တောင်ကုန်း၊ တောင်တန်းများ ထူထပ်ကာ ရွှံမီးတောင်နှင့် ထုံးကျောက်တောင်များ တွေ့ရှိရပါသည်။ ပင်လယ်ပတ်လည် ဝိုင်းရံလျှက် ကျွန်းစုပေါင်း ၇၁ ကျွန်း တည်ရှိပါသည်။ ကျောက်ဖြူမြို့နယ်တွင် မြစ်ချောင်းများ ပေါများပြီး သံဇစ်မြစ်၊ မင်းရပ်ချောင်းတို့မှာ ထင်ရှားသော မြစ်ချောင်းများဖြစ်သည်။ မြစ်ချောင်းအများစုမှာ ဒီရေအတက်အကျ ဖြစ်သဖြင့် ရေငံ ငါးပုဇွန် ဖမ်းဆီးရာ၌ အသုံးပြုနိုင်သည်။ သံဇစ်မြစ်တွင် သင်္ဘော/စက်လှေများ သွားလာနိုင်ပါသည်။ ကျောက်ဖြူမြို့နယ်သည် ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၆˚C ဖြစ်သည်။ ကျောက်ဖြူမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုရှိသော မြို့နယ်ဖြစ်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး မွေးမြူရေး လုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ ကျောက်ဖြူမြို့နယ်မှ အခြားဒေသများသို့ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းသော မြို့ဖြစ်ပါသည်။ အဓိက ထွက်ကုန်မှာ ငါး၊ ပုစွန်၊ ငါးခြောက်၊ ဆား တို့ဖြစ်ပါသည်။

Attractions in ကျောက်ဖြူ