"နောင်မွန်"

ရှေးအခါက ‘နောင်မွန်’ကို ‘လုံမှုံ’ဟု ခေါ်ဆိုခဲ့ကြပြီး ရဝမ်ဘာသာစကားဖြင့် (လုံ-ကျောက်၊ မှုံ-ဖြူသည် ဖြစ်၍) ကျောက်ဖြူရှိရာ အရပ်တွင် တည်ထားသောမြို့ဟု အဓိပ္ပာယ်ရပါသည်။ နောင်မွန်မြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၆-၈-၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ နောင်မွန်မြို့နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံး မြို့နယ်ဖြစ်ပြီး အရှေ့ဘက်တွင် တရုတ်နိုင်ငံနှင့် ခေါင်လန်ဖူးမြို့နယ်၊ တောင်ဘက်နှင့် အနောက်ဘက်တွင် မချမ်းဘော့မြို့နယ်၊ မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ နောင်မွန်မြို့နယ်သည် ပန်နန်းဒင်မြို့အပါ ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၁၃ စု၊ ကျေးရွာပေါင်း ၄၁ ရွာ ပါဝင်ပြီး လူဦးရေပေါင်း ၇၈၀၀ ခန့် နေထိုင်ပါသည်။ နောင်မွန်မြို့နယ်သည် တောင်တန်းအလွှာများ ထူထပ်စွာတည်ရှိပြီး မြေပြန့်လွင်ပြင် အနည်းငယ်မျှသာ တည်ရှိပါသည်။ ယင်းတောင်တန်းအလွှာများကြားတွင် တောင်ကျချောင်းရေများ စီးဆင်းလျှက်ရှိသည်။ မြို့နယ်၏မြောက်ဘက်တွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်ဖြစ်သော ခါကာဘိုရာဇီတောင် (၁၉၂၉၆ပေ) နှင့် ကန်လန်ရာဇီတောင် (၁၉၁၄၂ပေ) တို့ တည်ရှိပြီး အဆိုပါတောင်ထွဋ်နေရာများသည် တစ်နှစ်ပတ်လုံးနီးပါး ရေခဲများ တည်ရှိပါသည်။ မေခမြစ်ဖျားသည် နောင်မွန်မြို့နယ်အတွင်း မြောက်မှတောင်သို့ မိုင် ၁၀၀ ကျော်ခန့် ဖြတ်သန်းပြီး အဝိဝမ်ကျေးရွာအုပ်စု တောင်ဘက်မှ ခေါင်လန်ဖူးမြို့နယ်အတွင်းသို့ ဖြတ်သန်းစီးဆင်းပါသည်။ မေခမြစ်အတွင်းသို့ တောင်ကျချောင်းငယ်ပေါင်းများစွာ စီးဝင်ပါသည်။ Wai Pyi တောင်ခြေမှ ချောင်းဖျားခံသော ရပ်ချောင်း (၂၃မိုင်) သည် ရပ်ဘော့ကျေးရွာအနီး ကဆန်ချောင်းသို့ ပူးပေါင်းစီးဝင်ပါသည်။ ကဆန်ချောင်းသည် ထုံလာကျေးရွာအုပ်စုဧရိယာမှ မြစ်ဖျားခံကာ မချမ်းဘော့မြို့အောက်ဘက်ရှိ မလိခမြစ် အတွင်းသို့ စီးဝင်ပါသည်။ နောင်မွန်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ၁၇၉၈ ပေတွင် တည်ရှိပါသည်။ နောင်မွန်မြို့နယ်သည် နှစ်စဉ်မတ်လအလယ်မှ ဧပြီလအကုန်အထိသာ ပွင့်လင်းသာယာပြီး ကျန်ကာလများတွင် တိမ်အုံ့ဆိုင်းခြင်း၊ မိုးရွာခြင်း၊ မြူအုံ့ဆိုင်းနှင်းကျခြင်းတို့ ဖြစ်ပေါ်ပါသည်။ နှစ်စဉ်မိုးရွာရက်များပြားပြီး အမြင့်ဆုံးအပူချိန်မှာ ၃၅˚C ဖြစ်ပါသည်။ နောင်မွန်မြို့နယ်သည် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပြီး ကုန်းလမ်းကြောင်းကိုသာ အားထားရသော မြို့နယ်ဖြစ်ပါသည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ဆောင်ရွက်ကြပြီး အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပါသည်။

Attractions in နောင်မွန်