"ပေါင်"

ပေါင်မြို့နယ်ကို မြို့ ၂ မြို့၊ ရပ်ကွက် ၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၉ ၊ ကျေးရွာပေါင်း ၁၅၅ ရွာဖြင့် ဖွဲ့စည်းထားပါသည်။ မြို့နယ်အတွင်းရှိ စုစုပေါင်း လူဦးရေမှာ ၂၀၁၀၀၀ ကျော် နေထိုင်လျက်ရှိသည်။ အရှေ့မှအနောက်သို့ ၂၁ မိုင်၊ တောင်မှမြောက်သို့ ၃၀ မိုင် ရှည်လျားပြီး မြို့နယ်အကျယ်အဝန်းမှာ ၄၃၆.၇၅ စတုရန်းမိုင် ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် ဒုံသမိမြစ်နှင့် သံလွင်မြစ် ခြားလျက် ဘားအံမြို့နယ်၊ တောင်ဘက်တွင် သံလွင်မြစ်ခြားလျက် ချောင်းဆုံမြို့နယ်၊ မြောက်ဘက်တွင် သထုံမြို့နယ်၊ အနောက်ဘက်တွင် မုတ္တမပင်လယ်ကွေ့နှင့် ထိစပ်လျက်ရှိသည်။ ကမ်းရိုးတန်းမှာ ၂၂ မိုင် ရှည်လျားသည်။ မြို့နယ်အလယ် သွယ်တန်းနေသော တောင်တန်းများမှအပ ကျန်ဒေသများမှာ လွင်ပြင်ဒေသများ ဖြစ်ပါသည်။ ဇင်းကျိုက်တောင်၊ ကုလားမတောင်၊ နွားလပို့တောင်၊ မုတ္တမတောင်တန်းများမှာ မြောက်မှတောင် သွယ်တန်းလျက်ရှိသည်။ ကုလားမ တောင်တန်းမှာ ထင်ရှားသည်။ ကျွန်းပေါင်း ၃ ကျွန်းရှိပြီး လူနေကျွန်း ၁ ကျွန်းသာ ရှိသည်။ ရင်းငြိမ်ချောင်း၊ ဘိုင်လောင်းချောင်း၊ ကဒုံစီးချောင်းတို့သည် အရှေ့မှအနောက်သို့ စီးဆင်းလျက်ရှိသည်။ ရေအရင်းအမြစ် အများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ အသုံးပြုနိုင်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၄ ပေတွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ ဇင်းကျိုက်တောင် (၃၀၂၂ ပေ) ဖြစ်သည်။ ပူအိုက်စိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၃၈˚C ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေကို အဓိကလုပ်ကိုင်ကြပြီး ဥယျာဉ်ခြံလုပ်ငန်းများကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ ကားလမ်း၊ ရေကြောင်းလမ်းများမှာလည်း ကောင်းမွန်ပါသည်။ အဓိက ထွက်ကုန်များမှာ ဆန်စပါးနှင့် ရာဘာဖြစ်သည်။ ပေါင်မြို့နယ်တွင် ဇင်းကျိုက်ရေတံခွန်နှင့် ဇင်းကျိုက်ဆံတော်ရှင်စေတီမှာ ထင်ရှားသည်။

Attractions in ပေါင်