"မင်းလှ"

မင်းလှမြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၂၇.၄.၁၉၈၄) ရက်စွဲပါ အမိန့်ကြော်ငြာစာများဖြင့် ဖွဲ့စည်းထားရှိပါသည်။ မင်းလှမြို့နယ်တွင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၆၃ စု၊ ကျေးရွာပေါင်း ၁၅၃ ရွာပါဝင်ပြီး စုစုပေါင်း လူဦးရေမှာ ၁၃၁၀၀၀ ကျော်ဖြစ်သည်။ အရှေ့မှအနောက်သို့ ၄၈ မိုင်၊ တောင်မှမြောက်သို့ ၃၉ မိုင် ရှည်လျားသည်။ မင်းလှမြို့နယ်သည် ၉၁၅.၅ စတုရန်းမိုင်ကျယ်ဝန်းသည်။ အရှေ့ဘက်တွင် မကွေးမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ တောင်ဘက်တွင် သရက်မြို့နယ်၊ မင်းတုန်းမြို့နယ်၊ အနောက်ဘက်တွင် အမ်းမြို့နယ်၊ ငဖဲမြို့နယ်၊ မြောက်ဘက်တွင် မင်းဘူးမြို့နယ်၊ ငဖဲမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်နေသည်။ မြေအမျိုးအစားမှာ တောခြောက်မြေ၊ စနယ်မြေဖြစ်ပြီး လျှိုမြောင်၊ ချိုင့်ဝှမ်းများ ပေါများသည်။ ပတီးချောင်း၊ တညောင်ချောင်းတို့သည် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်လျက်ရှိသည်။ မင်းလှမြို့သည် ဧရာဝတီမြစ်ဘေးတွင် တည်ရှိသဖြင့် သင်္ဘောများ စုန်၊ ဆန် သွားလာနိုင်သည်။ ပင်လယ်ရေ မျက်နှာပြင် အမြင့်မှာ ၁၆၄ ပေဖြစ်သည်။ ပူပြင်းချောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၃˚C ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှေးကွေးသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ အခြားဒေသများသို့ ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ အဓိက ထွက်ကုန်မှာ နှမ်း၊ ဝါ၊ ပဲစင်းငုံတို့ဖြစ်ကြသည်။ မင်းလှမြို့နယ်မှ မင်းလှခံတပ်သည် သမိုင်းဝင်ခံတပ်ဖြစ်သည်။

Attractions in မင်းလှ