၂၀၂၀ ရွေးကောက်ပွဲရလဒ် ဘယ်လိုအဓိပ္ပာယ်ဆောင်လဲ-NLD နဲ့ ကြံ့ခိုင်ရေး ပါတီတို့ လားရာ

17-Nov-2020

ပြီးခဲ့တဲ့ တစ်ပတ်လုံးကတော့ ကျင်းပပြီးစီးသွားတဲ့၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနောက်ဆက်တွဲ သတင်းတွေပဲ နေရာယူထားခဲ့တာပါ။ ထင်မှတ်မထားတဲ့ ရလဒ်တွေနဲ့ NLD ပါတီက တောင်ပြိုကမ်းပြိုနိုင်ခဲ့ပြန်ပြီး အစိုးရကို နောက်တစ်ကြိမ်ထပ်ဦးဆောင်သွားရဖို့ရှိနေပါပြီ။

အကဲခတ်တွေအပါအဝင် NLD ပါတီကိုယ်တိုင်က ပြီးခဲ့တဲ့ရွေးကောက်ပွဲထက် လျော့နည်းပြီးအောင်နိုင်ဖို့ မျှော်မှန်းထားခဲ့တဲ့ ၂၀၂၀ မှာ NLD ရဲ့တောင်ပြိုကမ်းပြိုအနိုင်ရလဒ်နဲ့ အဓိက အတိုက်အခံပါတီကြီး USDP ရဲ့ မရှုမလှအရေးနိမ့်မှုက အံအားသင့်စရာအခြေအနေဖြစ်ခဲ့ရပါတယ်။

တခြားသော ဒီမိုကရေစီ အင်အားစုတွေ၊ နိုင်ငံရေးပါတီသစ်တွေ၊ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းသားပါတီတွေ အားကောင်းမောင်းသန် ယှဉ်ပြိုင်လာတဲ့ ဒီရွေးကောက်ပွဲအခင်းအကျင်းကြောင့် အာဏာရပါတီကိုယ်တိုင်က ပြီးခဲ့တဲ့ရွေးကောက်ပွဲကထက် လျော့နည်းတဲ့အမတ်အရေအတွက် ဖြစ်တဲ့ ၃၇၇ နေရာလောက်ပဲ နိုင်မယ်လို့ မျှော်မှန်းခဲ့တာပါ။

တစ်ပါတီတည်းအစိုးရ ဖွဲ့နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ လိုအပ်တဲ့အမတ် အရေအတွက် ၃၂၂ ကို ရဖို့တောင် NLD ဟာ ရုန်းကန်ရနိုင်ပြီး တခြားအနိုင်ရပါတီတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ထိ အကြိတ်အနယ် ဖြစ်နိုင်တယ်လို့ တောင် သုံးသပ်ခဲ့ကြတာပါ။

ဒါ့အပြင် အစိုးရသက်တမ်း ၅ နှစ်တာအတွင်း အစိုးရအဖွဲ့ စွမ်းဆောင်ရည်နဲ့ စီမံခန့်ခွဲမှုတွေအပေါ် မေးခွန်းထုတ်တာ၊ ဝေဖန်တာတွေ၊ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးနဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ မဟာမိတ်ဆက်ဆံရေး ထင်သလောက်မတည်ဆောက်ခဲ့တာကြောင့် ရင်ကြားစေ့ရေးမှာ တိုင်းရင်းသားတွေမပါဘူး လို့တောင် ပြောစမှတ်ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် တိုင်းရင်းသားပါတီတွေ မဟာမိတ်စုဖွဲ့ယှဉ်ပြိုင်ဖို့ ပြင်လာချိန်မှာ ပါတီခေါင်းဆောင်ပိုင်းက ညွှန့်ပေါင်းဖွဲ့ဖို့ မစဉ်းစားကြောင်းနဲ့ တစ်ပါတီတည်း အစိုးရဖွဲ့နိုင်တဲ့ NLD ကို မဲပေးဖို့ပြောကြားချက်ကလည်း အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ခုတော့ တစ်ပြည်လုံးက NLD ပါတီကိုပဲ ပုံအောပြီး ထောက်ခံရွေးချယ်လိုက်ကြပြန်ပါပြီ။

ဒီတစ်ခေါက် ရွေးကောက်ပွဲမှာ ထူးခြားတာကတော့ NLD ဟာ အရင် ၂၀၁၅ ကထက် ပိုတဲ့ ထိုင်ခုံအရေအတွက်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး သူတို့ရှုံးနိမ့်ခဲ့ရတဲ့ မဲဆန္ဒနယ်တွေကိုပါ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

NLD ပါတီ တောင်ပြိုကမ်းပြို ဘာကြောင့်နိုင်သလဲ

၂၀၁၅ တုန်းက ပြည်ထောင်စုလွှတ်တော်နေရာ ၃၉၀ သာ အနိုင်ရခဲ့ပြီး အများစုက တိုင်းဒေသကြီး ၇ ခုမှာဖြစ်ပါတယ်။ ခု ၂၀၂၀ မှာ တိုင်းလုံး ကျွတ်အနိုင်ရခဲ့တာဖြစ်ပြီး အနိုင်ရရှိဖို့ ရုန်းကန်ရနိုင်တယ်လို့ သုံးသပ်ခဲ့ကြတဲ့ တိုင်းရင်းသားနယ်တွေမှာပါ ထင်မှတ်မထားလောက်အောင် NLD ကပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲမတိုင်ခင်ကဆိုရင် အဓိကအတိုက်အခံပါတီကြီးဖြစ်တဲ့ USDP ဟာ အရင် ၂၀၁၅ တုန်းက ရှုံးကြွေးတွေကို ပြန်ဆပ်နိုင်မယ်လို့ မျှော်လင့်သုံးသပ်မှုတွေ ရှိထားတာပါ။ အာဏာရပါတီနဲ့ အစိုးရရဲ့ အားနည်းချက်တွေအပေါ် အခွင့်ကောင်းယူပြီး ဒီအခြေအနေပေါ် အကောင်းဆုံးယှဉ်ပြိုင်အနိုင်ရဖို့ ရှိနေပြီး ပါတီဥက္ကဋ္ဌဟောင်းဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ကပါ ဝင်ရောက်မဲဆွယ်ပေးခဲ့တာ ကြောင့် ၂၀၁၅ ထက် ပိုတဲ့အနိုင်ရလဒ်ဆိုတာမျိုးကို သုံးသပ်မှုတွေရှိခဲ့ပါတယ်။

ဒါပေမဲ့ ထင်ထားတာထက် ပိုပြီးဆိုးရွားတဲ့ရလဒ်ကို ကြံ့ခိုင်ရေးပါတီဟာ ရင်ဆိုင်ခဲ့ရပါတယ်။ လွှတ်တော်နှစ်ရပ်ပေါင်း သူတို့ရထားတဲ့ ၄၁ နေရာကိုတောင် ဒီရွေးကောက်ပွဲမှာ မရရှိတော့ဘဲ အရင်နိုင်ပြီးသားနေရာတွေကိုပါ NLD ကို ပေးလိုက်ရတာဖြစ်ပါတယ်။ နောက်ဆုံး အပြီးသတ်ထုတ်ပြန်ချက်အရ USDP ပါတီဟာ ပြည်ထောင်စုအဆင့်မှာ ၃၃ နေရာပဲ အနိုင်ရရှိခဲ့ပါတယ်။ NLD ကတော့ ပြည်ထောင်စုအဆင့်မှာ ၃၉၆ နေရာ အနိုင်ရရှိခဲ့ပြီး အရင်ရွေးကောက်ပွဲ ထက် ၆နေရာ ပိုအနိုင်ရခဲ့ပါတယ်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဝင်ပြိုင်တဲ့ ဇေယျာသီရိမဲဆန္ဒနယ်မှာဆိုရင် အရင်ရွေးကောက်ပွဲတွေတုန်းက မရဖူးတဲ့တပ်မဲတွေကိုတောင် NLD ကိုယ်စားလှယ်လောင်းက ရခဲ့တယ်လို့ ပြောကြားမှုတွေ ရှိလာခဲ့ပါတယ်။

NLD ပါတီ တောင်ပြိုကမ်းပြိုနိုင်ရတာက အချက်လေးချက်ကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ စာရေးဆရာကျော်ဝင်းက ပြောပါတယ်။

တစ်အချက်က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဖြစ်ပြီး နှစ်အချက်ကတော့ NLD ပါတီက သုံးတဲ့ မူဝါဒကြောင့်လို့ ဆိုပါတယ်။ အဲဒီ မူဝါဒကတော့ မြန်မာပြည်ရဲ့ထူးခြားတဲ့ လက္ခာဏာကို NLD က အသုံးချနိုင်ခဲ့တယ်လို့ပြောပါတယ်။

"ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ အနာတရတစ်ခုဖြစ်ရင် အနာကျက်အောင် အချိန်တော်တော်စောင့်ရတယ်။ တစ်ချိန်က အနာတရတွေကိုဖော်ထုတ်တယ်။ အဲဒီ ထရော်မာတွေရဲ့ဒဏ်ကို ခံခဲ့ရတဲ့ လူတွေကို သူရဲကောင်းအနေနဲ့တစ်ဖက်က ချီးမြှောက်တယ်။ တစ်ဖက်ကလည်း ဒီထရော်မာတွေကို ဖန်တီးခဲ့တဲ့သူတွေကို ဗီလိန် ဗျူဟာခင်းတယ်။ အဲဒီဗျူဟာကလည်း အတော်အလုပ်ဖြစ်တယ်လို့ပြောရမယ်။ နံပါတ်သုံးကတော့ ကျွန်တော်တို့မျှော်လင့်ကြတာက တိုင်းရင်းသားတွေအခြေအနေ။ တိုင်းရင်းသားတွေအခြေအနေက ထိုက်သင့်သလောက်ပဲ အောင်မြင်တယ်။ မျှော်လင့်သလောက် မအောင်မြင်ဘူး။ ရွာတွေမှာတော့ တိုင်းရင်းသားပါတီတွေ နိုင်တယ်။ မြို့ပေါ်မှာတော့ ရှုံးတယ်။ ဒါကိုလေ့လာတော့ တိုင်းရင်းသားနယ်တွေမှာ မြို့ပေါ်မှာ ဗမာတွေများနေတယ်။ အဲဒါကိုပြန်ကြည့်ရင် Burmanization ကြောင့်များလားလို့ တွေးမိတယ်" လို့ ဆရာကျော်ဝင်းကပြောပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ရွေးကောက်ပွဲမတိုင်ခင်ဖြစ်ရပ်တချို့ကြောင့်လည်း NLD ပါတီက ရွေးကောက်ပွဲမှာ အ ခြေအနေကောင်းခဲ့တယ်လို့ ဆရာကျော်ဝင်းက ယူဆပါတယ်။

"ရွေးကောက်ပွဲမတိုင်ခင် ICJ ကိစ္စဖြစ်တယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ထွက်ရပ်လိုက်တယ်။ နိုင်ငံတကာမှာ သူ့သြဇာ တစ်စုံတစ်ရာ ကျဆင်းတယ်။ ပြည်တွင်းမှာတော့ ထောက်ခံမှုအကြီးအကျယ်ရတယ်။ We stand with Daw Aung San Suu Kyi တွေထွက်လာတယ်။ ဒါတွေက election campaign (မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု) သဖွယ် ဖြစ်သွားတယ်။ တော်တော်အောင်မြင်တယ်။ ဒါက တစ်ချက်။ နောက် ကိုဗစ် ပထမလှိုင်းက အစိုးရရဲ့ ကိုင်တွယ်ပုံ သိပ်မဆိုးတဲ့အတွက် ဒါလည်း ထောက်ခံမှုရတယ်။ နောက်အတိုက်အခံ။ အတိုက်အခံရဲ့ အားနည်းချက်က တပ်ကို သိပ်ပြီး မှီခိုလွန်းတယ်။ အဲဒါက တပ်အတွက်လည်း မကောင်းဘူး။ သူ့အတွက်လည်း မကောင်းဘူး" လို့ ဆရာကျော်ဝင်းက ဆိုပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံပါတီ ၃၀ ကျော်ဟာ တပ်ချုပ်နဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး အဲဒီအကျိုးဆက်ကြောင့် တပ်ချုပ်ဟာ ကြေညာချက်တစ်ခုနဲ့ အင်တာဗျူးတစ်ခုဖြေဆိုခဲ့ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြန်လည်ချေပတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

"အဲဒီကိစ္စက တော်တော်အရေးပါတယ်။ အဲဒါကြောင့် အစက NLD ရဲ့ နောက်ပိုင်းလုပ်ရပ်တွေကိုသိပ်ဘဝင်မကျလို့ မဲရုံမသွားတော့ဘူး ဆိုတဲ့လူတွေကိုယ်တိုင် ဟာ မဖြစ်တော့ဘူး။ နောက်ကြောင်းပြန်မယ့်အန္တရာယ်ရှိတယ်ဆိုပြီး မဲရုံသွားလိုက်ကြတာရှိတယ်" လို့ ဆရာကျော်ဝင်းကပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း NLD ရဲ့တောင်ပြိုကမ်းပြို အနိုင်ကို ဆရာကျော်ဝင်းရဲ့အယူအဆနဲ့ တူညီစွာပဲ သဘောထား မှတ်ချက်ပြုပါတယ်။

လူထုဟာ NLD အစိုးရမှာ အားနည်းချက်တွေရှိပြီး အစိုးရရဲ့စွမ်းဆောင်ချက်ဟာ မျှော်မှန်းတဲ့အတိုင်းမရှိဘူးဆိုတာ သိပေမယ့် အစိုးရသွားနေတဲ့လမ်းကြောင်းဟာ မှန်ကန်တယ်၊ ဒီလမ်းကြောင်းကို ဆက်သွားဖို့လည်း ဒေါ်အောင်ဆန်းစုကြည် ဆက်ဦးဆောင်မှ ရမယ်ဆိုတဲ့အမြင် ရှိတာကြောင့် NLD ကို အရင်ရှုံးခဲ့တဲ့နေရာတွေကပါ ဝိုင်းပြီး ထောက်ခံအားပေးလိုက်တာလို့မြင်ကြောင်း ဦးရဲထွဋ်ကပြောပါတယ်။

"နောက်တစ်ချက်ကတော့ မဲဆန္ဒပေးသူ ပိုများလာတာပေါ့။ လူတွေ စိတ်ပါလို့ မဲထွက်ပေးတာထက် အသက် ၆၀ နဲ့အထက် တွေကို ကိုဗစ်စီမံချက်အရ အိမ်တိုင်ရာရောက်မဲတွေလိုက်ကောက်တဲ့အခါမှာ အဲဒီမဲတွေ ပါ ပါလာတာပေါ့။ အဲဒီမဲဆန္ဒရှင်အများစုကတော့ ဒါ ဘာပဲပြောပြော ၈၈ အတွေ့အကြုံအရ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရှိတဲ့သူတွေ၊ ကရုဏာရှိတဲ့သူတွေမို့ ဒီမဲတွေလည်း ပါသွားတာပေါ့။ နောက်ဆုံးတစ်ချက်ကတော့ ပြိုင်ဘက်အသင်းကလည်း ဂိုးပေးတာတွေပါတာပေါ့ဗျာ" လို့ ဦးရဲထွဋ်က ဆိုပါတယ်။

USDP ပါတီ ဘာကြောင့် မရှုမလှအရေးနိမ့်ရသလဲ

ရွေးကောက်ပွဲ မဲရလဒ်ဟာ ပါတီရဲ့ခန့်မှန်းမဲရလဒ်နဲ့ အတော်လေးကို ကွာခြားခဲ့တယ်လို့ ပါတီပြောခွင့်ရသူ ဒေါ်နန်းမြမြမီမီဇော်က ပြောပါတယ်။ ဘာကြောင့်လဲဆို ၂၀၁၇ နဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေဟာ ပြည်ထောင်စုအဆင့်မှာ အ နိုင်ရခဲ့ပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်းပါတီအပေါ်လူထုထောက်ခံမှုက သိသိသာသာမြင့်တက်လာတယ်လို့ သူကဆက်ပြောပါတယ်။

"သို့သော်လည်း တကယ့်တကယ်မဲရလဒ်တွေထွက်လာတော့ ပြည်ခိုင်ဖြိုးက အမာခံမဲဆန္ဒနယ်တွေကို လက်လွှတ်ဆုံးရှုံးလိုက်ရတယ်။ အဲဒါ ဘာကြောင့်လဲဆိုပြီး လေ့လာတော့ အသက်မပြည့်သေးဘဲ မဲစလစ် ရထားသူတွေ၊ သေဆုံးသူတွေ ကကြိုတင်မဲပေးမယ့်စာရင်းမှာပါနေတာတွေ၊ အဆိုးဆုံးက မဲပေးပိုင်ခွင့်ရှိသူဦးရေထက် ပိုတဲ့ မဲလာပေးတာတွေရှိနေတာ ဒါတွေကို နည်းဥပဒေ ၅ အရ လုပ်ကိုင်ဆောင်ရွက်ခဲ့လားဆိုတာ မေးခွန်းထုတ်စရာရှိနေပါတယ်" လို့ ဒေါ်နန်းမြမြမီမီဇော်က ပြောပါတယ်။

ဒါ့အပြင် ရောက်ရှိဒေသမှာ ရွေးကောက်ပွဲမတိုင်ခင် ရက်ပေါင်း ၉၀ နေထိုင်ရုံနဲ့ မဲပေးလိုပါက ပုံစံ ၃(က) နဲ့လျှောက်ထားပြီး မဲပေးခွင့်ပြုလိုက်တာဟာလည်း ဒေသခံပြည်သူတွေရဲ့ ဆန္ဒထက် ပိုတဲ့မဲရလဒ်တွေ ထွက်ပေါ်လာခဲ့တာဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

"ဒါကြောင့်ဒေသခံ တိုင်းရင်းသားတွေက ဒေသခံမဟုတ်တဲ့ရွေ့လျားတဲ့လူဦးရေတွေရဲ့ မဲတွေ လွှမ်းမိုးသွားနိုင်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာရှိပါတယ်" လို့ သူကပြောပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ တပ်နဲ့ အမြဲတွဲပြီးမြင်နေတဲ့ ပုံရိပ်ပြဿနာကို ပြောင်းလဲနိုင်တာမျိုးမရှိသလို သူအနိုင်ရရှိခဲ့တဲ့ လွှတ်တော်နေရာတွေက ပြည်သူတွေရဲ့ ထောက်ခံမှုကို ပိုပြီးရအောင်မလုပ်နိုင်ခဲ့တာကြောင့် ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ရတယ်လို့ ဦးရဲထွဋ်ကတော့ သုံးသပ်ပါတယ်။

ဒါ့ပြင် ရွေးကောက်ပွဲနီးချိန်မှ တပ်မတော်ဟာ သူတို့ဘက်မှာရှိတယ်ဆိုတဲ့ သက်သေပြဖို့ ကြိုးစားတဲ့လုပ်ရပ်တွေဟာလည်း ပြောင်းပြန်အကျိုးသက်ရောက်ပြီး NLD ကပြောတဲ့ စစ်အာဏာရှင်လက်အောက်ပြန်ရောက်သွားလိမ့်မယ်ဆိုတဲ့ ပြောဆိုချက်ပေါ် ပိုပြီးလက်ခံချင်အောင် လုပ်လိုက်သလိုဖြစ်သွားတယ်လို့ လည်း သူက ဆက်ပြောပါတယ်။

တပ်ရဲ့လောင်းရိပ်မိနေတယ်ဆိုတဲ့ ဝေဖန်ချက်နဲ့ပတ်သက်လို့တော့ ပြည်ခိုင်ဖြိုးပါတီကို နိုင်ငံရေးအရ ဝါဒဖြန့်ချိခံနေရတာဖြစ်ပြီး တပ်ရောအတိုက်အခံတွေပါ လွှတ်တော်ထဲမှာ ဒီမိုကရေစီရေးနဲ့ နိုင်ငံရဲ့အရေးကြီးကိစ္စတို့မှာ ထောက်ပြကန့်ကွက်ခဲ့ပေမယ့် ကန့်ကွက်မှုတွေဟာ လွှမ်းမိုးစွက်ဖက်ပိုင်ခွင့်မရှိသလောက်ဖြစ်နေတယ်လို့ ဒေါ်နန်းမြမြမီမီဇော်ကပြောပါတယ်။

NLD အစိုးရသစ်အတွက် စိန်ခေါ်ချက်

အခုတော့ အနိုင်ရပါတီ NLD ဟာ ရွေးကောက်ပွဲအပြီးရက်ပိုင်းအတွင်းမှာပဲ အနာဂတ်မြန်မာနိုင်ငံအတွက် ရှေ့ရှုရမယ့် ပြည်ထောင်စုအရေးကိစ္စ လို့ခေါင်းစဉ်တပ်ထားတဲ့ စာတစ်စောင်ကို တိုင်းရင်းသားပါတီ ၄၈ ပါတီကို လိပ်မူပေးပို့လိုက်ပါပြီ။

ယေဘုယျအားဖြင့် ဒီကြေညာချက်ဟာကောင်းမွန်ပြီး ဒါဟာ သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးပြောတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့ ကနဦးခြေလှမ်းလို့လည်းပြောနိုင်ကြောင်း၊ ဒါပေမဲ့ အကောင်းအဆိုး ယတိပြတ်ပြောဖို့တော့ စောသေးတယ်လို့ စာရေးဆရာကျော်ဝင်းကပြောပါတယ်။

NLD ကြုံရမယ့်စိန်ခေါ်မှုတွေထဲမှာ ကိုဗစ်နဲ့ပတ်သက်တဲ့ စိန်ခေါ်မှု တစ်နည်းအားဖြင့် ကိုဗစ်ရဲ့စီးပွားရေးဂယက်က တော်တော်ကြီးဖို့ရှိပြီး ဒါက NLD အစိုးရအတွက် စိန်ခေါ်မှုအကြီးကြီးဖြစ်လိမ့်မယ်လို့ ဆရာကျော်ဝင်းက သုံးသပ်ပါတယ်။

အရင်အစိုးရလက်ထက်က အားနည်းချက်၊အမှားအယွင်းတချို့နဲ့ ဒီ ၂၀၂၀ ရွေးကောက်ပွဲကာလဖြစ်ပေါ်ခဲ့တဲ့ တိုင်းရင်းသားတွေနဲ့ အဆင်မပြေမှု၊ တပ်နဲ့အဆင်မပြေမှု စတာတွေဟာလည်း NLD အစိုးရ ရုန်းကန်ကြိုးစားရမယ့်အချက်တွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

"အခုဟာက election outcome (ရွေးကောက်ပွဲရလဒ်) ကတော့ NLD နိုင်တယ်။ NLD ထောက်ခံသူတွေအတွက်တော့အကောင်းပဲ။ ဒါပေမဲ့ Political outcome ကတော့အဲလောက် မကောင်းဘူး။ အခြေအနေတော်တော်ဆိုးတယ်။ အဲဒါကို NLD တစ်ဖွဲ့တည်းနဲ့ သိပ်ဖြေရှင်းလို့မလွယ်ဘူး။ အဲဒီအတွက်တခြားသူတွေရဲ့အကူအညီ ရဖို့ NLD ကြိုးစားရမယ်"

NLD အစိုးရမှာ အားနည်းချက်တွေ ပြုပြင်ရမှာတွေရှိနေပေမယ့်လည်း လူထုကတော့ နောက်ထပ်ငါးနှစ်ထပ်ပြီး အုပ်ချုပ်ဖို့ ပုံအောရွေးချယ်ပေးလိုက်ပါပြီ။ ဒုတိယသက်တမ်းငါးနှစ်ကို ဆက်ပြီးတာဝန်ယူတော့မယ့် NLD အစိုးရအနေနဲ့ ပြီးခဲ့တဲ့ငါးနှစ်က အားနည်းချက်တွေကိုသင်ခန်းစာယူပြီး ရှေ့ခရီးကိုဆက်ဖို့၊ အင်အားကြီးသထက် ပိုကြီးလာတဲ့ပါတီကြီးအနေနဲ့ တခြားသော နိုင်ငံရေးအင်အားစုတွေအပေါ်မှာ သဘောထားကြီးတဲ့ ကမ်းလှမ်းမှုတွေ လုပ်သင့်တယ် ဆိုတဲ့ အကြံပြုချက်တွေကတော့ ထွက်ပေါ်လာနေပြီဖြစ်ပါတယ်။

Crd BBC News