"နတ်တလင်း"

နတ်တလင်းမြို့နယ်၏ အကျယ်အဝန်းမှာ ၅၂၇.၉၄ စတုရန်းမိုင်ရှိပြီး အရှေ့မှအနောက်သို့ ၄၅ မိုင်၊ တောင်မှမြောက်သို့ ၆ မိုင် ၆ ဖာလုံ ရှည်လျားပါသည်။ နတ်တလင်းမြို့နယ်၏ အရှေ့ဘက်တွင် ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်၊ တောင်ဘက်တွင် ဇီးကုန်းမြို့နယ်၊ ကြို့ပင်ကောက် မြို့နယ်၊ အနောက်ဘက်တွင် မိုးညိုမြို့နယ်၊ ရွှေတောင်မြို့နယ်၊ မြောက်ဘက်တွင် ပေါင်းတည်မြို့နယ်၊ သဲကုန်းမြို့နယ် တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

နတ်တလင်းမြို့နယ်သည် အရှေ့ဘက်တွင် ပဲခူးရိုးမ တောင်ကုန်း တောင်တန်းများနှင့် တောင်စွယ်များ တည်ရှိပြီး အလယ်ပိုင်းမှာ မြေပြန် မြေညီလွင်ပြင်ဖြစ်၍ အနောက်ဘက်တွင် မြောက်မှတောင်သို့ ဖြတ်သန်း စီးဆင်းသည့် မြစ်မခမြစ် တည်ရှိကာ မြေနိမ့်ပိုင်းဖြစ်သည်။ မြစ်ချောင်းများ ပေါများသည့် ဒေသ တစ်ခုဖြစ်ပြီး ထင်ရှားသောချောင်းမှာ တောင်ညိုချောင်းဖြစ်၍ အရှေ့မှ အနောက်သို့ စီးဆင်းပြီးအရှည်မိုင် ၄၀ ရှိသည်။

ဒေသသမိုင်းအကျဉ်း

နတ်တလင်းမြို့နယ်သည် မြန်မာစွယ်စုံကျမ်း အတွဲ(၆) စာမျက်နှာ (၁၃)တွင် ဖော်ပြချက်အရ ရွာမလေး (ယခုရွာမရပ်ကွက်) အနီးတွင် သခွတ်ပင်တစ်ပင်နှင့် ရွာဦး နတ်စင်တည်ရှိပြီး ယင်းသခွတ်ပင်အောက်၌ သာယာ၀တီမင်းနှင့် ပြည်မင်းတို့ ကြက်တိုက်လေ့ရှိကြပါသည်။ ထိုနေရာတွင် လူသူရှင်းလင်းခြင်းမပြုရဘဲ အမြဲရှင်းလင်းလျက် တလင်းကဲ့သို့ ဖြစ်နေသော ကြောင့် နတ်များက တလင်းပြုပြင်ပေးသည်ဟု ယူဆကာ မြို့ရွာကိုလည်း နတ်တလင်းမြို့ဟု မှည့်ခေါ်ခြင်းဖြစ်ပါသည်။ နတ်တလင်းမြို့သည် အရှေ့ဘက်တွင် ဒမငယ်ဒေသ၊ အနောက်ဘက်တွင် တာပွန်ဒေသ တို့နှင့် ဆက်စပ်လျက်ရှိပြီး ဒေသထွက်ကုန်ပစ္စည်းများ ဖြစ်သည့် စပါးနှင့်ပဲ အမျိုးမျိုး ဖြစ်ထွန်း၍ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်သောဒေသဖြစ်သဖြင့် ၁၈၇၈ ခုနှစ်၊ ရန်ကုန်-ပြည် မီးရထားလမ်း ဖွင့်လှစ်သည့် အချိန်တွင် နတ်တလင်းမြို့ ဟု ထင်ရှားပေါ်ပေါက်လာခဲ့ပါသည်။ တာပွန်ဆိပ်ကမ်းသည် မြစ်ရေစီးကြောင်း တိမ်ကောသွားပြီး ကုန်းလမ်းသွားလာမှုကို ပိုမိုတွင်ကျယ်လာခဲ့ပါသည်။ ထိုအခါက ကိုလိုနီအုပ်ချုပ်ရေးခေတ် ဖြစ်ပြီး တာပွန်မြို့ပိုင် ဦးကြည် လက်ထက် ၁၉၀၈ ခုနှစ်တွင် သာယာ၀တီခရိုင်၏ မြို့နယ်တစ်ခုအဖြစ် အသိအမှတ်ပြု၍ တာပွန်နယ်မှ နတ်တလင်းမြို့သို့ မြို့ပိုင်ရုံး ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၃၀ ခုနှစ်တွင် မြို့ ကော်မတီဖွဲ့စည်းပြီး မြူနီစပယ်မြို့ ဖြစ်လာပါသည်။ ယခုလက်ရှိ နတ်တလင်းမြို့ ကွက်ကို ၁၉၆၀ ခုနှစ်တွင် မြေကွက်တိုင်းထွာ မြို့ကွက်ရိုက်ခဲ့သည်။ နတ်တလင်းမြို့နယ် စတင် ဖွဲ့စည်းစဉ်က ကျေးရွာအုပ်စု ၇၄ အုပ်စု (မြို့မအုပ်စု အပါအ၀င်) ရှိပြီး ၁၉၇၄ ခုနှစ် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ မတိုင်မီအချိန်တွင် စီမံခန့်ခွဲမှု လွယ်ကူချောမွေ့စေရန် မြို့ပေါ် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၈ အုပ်စုဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၁၀၄၆ / ၂၀၁၅ ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာပွန်ကျေးရွာအုပ်စုအား မြို့အဖြစ် အဆင့် တိုးမြှင့် ဖွဲ့စည်းခဲ့ပါသည်။

Attractions in နတ်တလင်း