"သပိတ်ကျင်း"

သပိတ်ကျင်းမြို့နယ်သည် ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၂ စု၊ ကျေးရွာပေါင်း ၇၀ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၅၆၈၉ ဦးခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၉၉၀.၈၃ စတုရန်းမိုင်ရှိပါသည်။ သပိတ်ကျင်းမြို့နယ်၏ မြောက်ဘက်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ စစ်တန်းကျေးရွာနှင့် ထိစပ်နေပြီး အရှေ့ဘက်တွင် မိုးကုတ်မြို့နယ်၊ မဘိမ်း မြို့နယ်၊ မိုးမိတ်မြို့နယ်၊ မိုးကုတ်မြို့နယ်မှ စိန်ကုန်းကျေးရွာနှင့် မိုးမိတ်မြို့နယ် ဝဲပေါင်းကျေးရွာတို့နှင့်နယ်နမိတ်ချင်း ဆက်စပ်လျှက်ရှိပါသည်။ တောင်ဘက်တွင် စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာနှင့် ဆက်စပ်တည်ရှိပြီး အနောက်ဘက်တွင် ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာ၊ ခင်ဦးမြို့နယ်၊ သီဟတောကျေးရွာ တို့နှင့်လည်း ဆက်စပ်တည်ရှိလျှက်ရှိပါသည်။

သပိတ်ကျင်းမြို့နယ်အတွင်း သောင်းပွက်တောင်တန်းသည် တကောင်းမှ ကျောက်ဖြူကျေးရွာထိ တောင်နှင့်မြောက် သွယ်တန်းလျက်ရှိပါသည်။ အုံးဇုံးကျေးရွာအုပ်စုတွင် အရှေ့ဘက် ရှမ်းရိုးမမှဖြာဆင်းလာသော တောင်စွယ်တောင် တန်းများတည်ရှိပါသည်။ မြေနိမ့်လွင်ပြင်ချိုင့်ဝှမ်းများမရှိပါ။ မြို့နယ်အတွင်း၌ ဧရာဝတီမြစ်သည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပြီး တောင်ကျချောင်း ၆၀ ခန့်ရှိပါသည်။ ချောင်းအများစုမှာရေချိုများ ဖြစ်၍စိုက်ပျိုးရေ၊ သောက်သုံးရေ စသည်ဖြင့် အသုံးပြုနိုင်သည်။

သပိတ်ကျင်းမြို့နယ်တွင် အမြင့်ဆုံးတောင်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၀၀၀ပေ ဖြစ်၍ မြို့နယ်၏ အနိမ့်ဆုံးနေရာမှာ ၃၀၀ ပေဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

သာသနာသက္ကရာဇ်၄၃၂ခုနှစ်တွင် သပိတ်ကျင်းမြို့ကို ဦးသိန်းမောင်အမည်ရှိသူမှ တည်ထောင်သည်ဟု လေ့လာသိရှိရပါသည်။ သရေခေတ္တရာပြည် တိုးတက် ထွန်းကားလာသောအချိန် သက္ကရာဇ် ၄၃၂ ခုနှစ်တွင် နန်းတက် သောသီရိရာဇာမင်းလက်ထက်၌ အမတ်ကြီးတစ်ဦး၏သား ကိုသိန်းမောင် သည်လှေကြီးလှေငယ်နောက်ပါအခြံအရံများဖြင့် ကုန်ကူးသန်းရောင်းဝယ်ရန် အထက်အညာသို့ဧရာဝတီမြစ်အတိုင်း ဆန်တက်လာရာ သပိတ်ကျင်းမြို့ တောင်ဘက်(၂)မိုင်ခန့်အကွာတွင် ရွာကြီးတစ်ရွာကို တွေ့ရပါသည်။ ၄င်းရွာ သည် တွင်းထွက်ကျောက်သံပတ္တမြား လဲလှယ်ရောင်းချရာ ထင်ရှားခဲ့သည်။ အထူးသဖြင့်မိုးကုတ်ကျောက်မျက်ရတနာများနှင့် အောက်ပြည် အောက်ရွာမှ အဝတ်အထည်၊ စားသောက်ကုန် လဲလှယ်ရောင်းဝယ်ခြင်း ပြုကြသည်ဟု အဆိုရှိသည်။ ဦးသိန်းမောင်သည် ၄င်းရွာမှ ကျောက်သံပတ္တမြားနှင့် မိမိပါလာသော ပစ္စည်းများလဲလှယ်ခြင်းပြုပြီး နောက်ပါလက်ရွေးစင် ၁၀ ဦးကိုထားခဲ့၍ နေပြည်တော်သို့ပြန်ခဲ့သည်။ ထိုအချိန်တွင် ဟသာမှော်၊ ကြာညှပ်၊ စမ္ပါယ်နဂိုရ်၊ တကောင်း စသောနေရာများတွင် ရွာတည်ပြီး လူနေထိုင်၍ ထင်ရှားနေပြီ ဖြစ်ပါသည်။ ကိုသိန်းမောင်သည် ဒုတိယအကြိမ်အဖြစ် တိုက်လှေ ၁၀ စင်း၊ လှေ သား ၄၀၀ တို့နှင့် ကုန်ပစ္စည်းများ၊ စားနပ်ရိက္ခာအပြည့်တင်ပြီး ဧရာဝတီမြစ်အတိုင်း ဆန်တက်ခဲ့ပြန်သည်။ အညာသီဟတောဘုရားအနီးသို့ ရောက်သော အခါ မူလစည်ကားသောရွာကြီးသည် သူပုန်များ ဖျက်ဆီးသတ်ဖြတ်ခြင်း ခံရသည်ကိုမြင်ရသဖြင့် ကိုသိန်းမောင်သည်တိုက်လှေ ၁၀ စင်းကို အပြင်းနှင်စေပြီး ရန်သူကိုချေမှုန်းစေခဲ့သည်။ ရှေးကစည်ကားသောရွာကြီးမှာ မီးလောင်ပျက်စီးခဲ့ရသဖြင့် ၄င်းရွာကိုရွာဆိုးဟု အမည်တွင်ခဲ့ပါသည်။ ရွာဆိုးရွာသားများသည် မိုးကုတ်နှင့် လမ်းပန်းဆက်သွယ်ရေးပိုမို လွယ်ကူသော နေရာကိုရွေးချယ်ပြောင်းရွေ့နေထိုင်ခဲ့ရာ ၄င်းရွာကိုရွာမဟု တွင်ခဲ့သည်။ ယင်းနောက် ဆိပ်ကမ်းနေရာကောင်းနှင့် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော နေရာကို ထပ်မံရှာဖွေကြရာတောင်ကုန်းများ ဝန်းရံပြီး အလယ်တွင် ချိုင့်ဝှမ်းတစ်ခုသာ ရှိနေသောနေရာကို တွေ့၍ပြောင်းရွေ့နေထိုင်ကြသည်။ သပိတ်ပုံသဏ္ဍာန်ရှိ၍ သပိတ်ကုန်းဟု ခေါ်တွင်ခဲ့ရာမှ ဧရာဝတီမြစ်ကျဉ်းအနီး တည်ရှိသဖြင့် သပိတ်ကျင်းဟု အမည်တွင်ခဲ့သည်။ ရွာဆိုးနှင့် ရွာမမှာ မြို့၏ ရပ်ကွက်များအဖြစ် ပြောင်းလဲခဲ့ပါသည်။

Attractions in သပိတ်ကျင်း