"ကျိုက်မရော"

ကျိုက်မရောမြို့နယ်ကို ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၃ အုပ်စု၊ ကျေးရွာပေါင်း ၁၅၈ ရွာဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်း လူဦးရေမှာ ၂၂၈၀၀၀ ခန့် နေထိုင်လျက်ရှိသည်။ ကျိုက်မရောမြို့နယ်သည် အရှေ့မှအနောက်သို့ ၁၈ မိုင်၊ တောင်မှမြောက်သို့ ၄၀ မိုင် ရှည်လျားပါသည်။ မြို့နယ်၏ ဧရိယာမှာ ၅၁၁.၇၀ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ဘက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနောက်ဘက်တွင် မုဒုံမြို့နယ်နှင့် မြောက်ဘက်တွင် မော်လမြိုင်မြို့နယ်၊ ဘားအံမြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။ မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး အတ္တရံမြစ်၊ ဂျိုင်းမြစ်၊ ဇမိချောင်း၊ ဝင်းရောချောင်းတို့မှာ ထင်ရှားသည်။ မြစ်ချောင်းအများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေ အသုံးပြုနိုင်သည်။ အတ္တရံမြစ်နှင့် ဂျိုင်းမြစ်တို့တွင် သင်္ဘော၊ စက်လှေများ သွားလာနိုင်သည်။ ကျိုက်မရောမြို့သည် ပင်လယ်ရေ မျက်နှာပြင် အထက် ၁၈ ပေအထက်တွင် တည်ရှိသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၇.၁˚C ဖြစ်သည်။ မိုးရာသီတွင် ရေကြီးမှုနှင့် ပုံမှန်ကြုံတွေ့ရပြီး မိုးသည်းထန်စွာရွာသွန်းပါက ရပ်ကွက်များ၊ ကျေးရွာများသို့ ရေဝင်ရောက်မှုများပြီး  ရေကြီးနစ်မြုပ်မှု ဘေးအန္တရာယ် ကျရောက်လေ့ရှိသည်။ အဓိကလုပ်ငန်းမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော မြို့လည်းဖြစ်သည်။ ရာဘာမှာ အဓိကထွက်ကုန်ဖြစ်သည်။ ကျိုက်မရောမြို့၏ ထူးခြားချက်မှာ ခြေတော်ချ လက်ထောက်ထိုင်နေတော်မူသော ဆုတောင်းပြည့် ဘုရားကြီးဖြစ်သည်။

Attractions in ကျိုက်မရော