"မိုင်းခတ်"

မိုင်းခတ်မြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၁၉၇၂ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာဖြင့် မိုင်းခတ်မြို့နယ် အဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခုအခါ မိုင်းခတ်မြို့နယ်တွင် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၁၆ စု၊ ကျေးရွာပေါင်း ၁၆၆ ရွာ ပါဝင်ပြီး လူဦးရေပေါင်း ၄၅၀၀၀ ကျော် နေထိုင်ပါသည်။ မိုင်းခတ်မြို့နယ်သည် အရှေ့မှအနောက်သို့ ၄၁ မိုင်၊ တောင်မှ မြောက်သို့ ၃၂.၄ မိုင် ရှည်လျားပြီး ၉၇၃.၃၃ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့ဘက်တွင် ကျိုင်းတုံမြို့နယ်၊ အရှေ့မြောက် ဘက်တွင် မိုင်းယန်းမြို့နယ်၊ အနောက်ဘက်တွင် မက်မန်းမြို့နယ်၊ အနောက်တောင် ဘက်တွင် မိုင်းပျဉ်းမြို့နယ်တို့ တည်ရှိသည်။ မိုင်းခတ်မြို့နယ်တွင် မြေပြန့်လွင်ပြင်နည်းပါးပြီး မြေပြန့်ချိုင့်ဝှမ်း/ တောင်ကုန်းတောင်တန်းနှင့် မြစ်ချောင်းများ တည်ရှိပါသည်။ မြို့နယ်၏ အရှေ့ဘက်တွင် လွယ်မီးတောင် (ပေ ၈၀၀၀ ကျော်) နှင့် အနောက်ဘက်တွင် လွယ်စီးတောင် (ပေ ၇၀၀၀ ကျော်) တို့ တည်ရှိသည်။ မြစ်ချောင်းများ ပေါများသည့် ဒေသဖြစ်ပြီး နမ့်လွေးချောင်း၊ နမ့်ဟူးချောင်း၊ နမ့်ခတ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ ယင်းချောင်းများသည် ရေချိုများဖြစ်၍ နမ့်ဟူးချောင်းတွင် ဆည် ၂ ခု၊ နမ့်ခတ်ချောင်းတွင် ဆည် ၃ ခု တည်ဆောက်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုလျှက်ရှိသည်။ မိုင်းခတ်မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၂၇၀၀ ပေ အထက်တွင် တည်ရှိသည်။ မိုင်းခတ်မြို့နယ်သည် သမပိုင်းရာသီဥတုဖြစ်ပြီး အမြင့်ဆုံးအပူချိန်မှာ ၃၉˚C ဖြစ်သည်။ မိုင်းခတ်မြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော မြို့နယ်ဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး အဓိက ထွက်ကုန်မှာ စပါး၊ ပြောင်း၊ မြေပဲတို့ဖြစ်သည်။

Attractions in မိုင်းခတ်