ရွှေအလေးချိန် ၁ ပိဿာကျော်ခိုးယူသွားသူအား ဖော်ထုတ်ဖမ်းဆီးရမိ

08-Dec-2020

ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ မင်းလှမြို့မှာ ရွှေအလေးချိန် ၁ ပိဿာကျော်ခိုးယူသွားတဲ့ အမျိုးသမီး ၁ ဦးကို   ဖော်ထုတ်ဖမ်းဆီးရမိပြီလို့ မင်းလှမြို့မရဲစခန်းကနေ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့မနက်က  မင်းလှမြို့၊ ဈေးချိုတန်းလမ်း‌ရှိ  US ရွှေဆိုင်မှ ရွှေအလေးချိန် ၁ ပိဿာ၊ ၁၁ ကျပ်သား ၊ ၃ ပဲလောက် (ကာလတန်ဖိုး ငွေကျပ် ၁၃၅,၅၇၄,၀၀၀ ) ပျောက်ဆုံးမှု ဖြစ်ပွားခဲ့လို့  မင်းလှမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဒီအမှုကို နယ်မြေရဲတပ်ဖွဲ့က စုံစမ်း ဖော်ထုတ်ရာ ဒီဇင်ဘာ ၇ ရက်နေ့ ညနေမှာ တရားခံအားဖမ်းဆီးနိုင်ခဲ့တယ်လို့  မင်းလှမြို့မရဲစခန်း စခန်းမှူးဒုရဲမှူးလင်းလင်းက ပြောပါတယ်။

အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့နေ အရင်က ခိုးမှုနဲ့ ထောင်ကျဘူးတဲ့ မရီရီလွင်ရဲ့ ခင်ပွန်းဖြစ်သူ ကျော်လွင်နိုင်မှာ အုတ်ဖိုမြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှာ ရွှေဆွဲကြိုး ၁ ကုံး ရောင်းချခဲ့ ကြောင်း သတင်းအရ မြို့နယ်မှူးရဲမှူးဦးဆောင်တဲ့အဖွဲ့က သွားရောက်စစ်ဆေးရာ တရားခံ မရီရီလွင် မိမိတစ်ဦးတည်း ခိုးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ ပါတယ်။

သက်သေခံပစ္စည်းတွေကို ရဲတပ်ဖွဲ့ကသိမ်းဆည်းပြီး  တရားခံကို ဥပဒေနဲ့အညီ အမြန်တရားစွဲတင်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ရဲစခန်းမှူးကပြောပါတယ်။

သတင်း – သက်နိုင်ဝင်း

DVB News