"မော်လိုက်"

မော်လိုက်ကျွန်းမြို့နယ်သည် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၂၈ စု၊ ကျေးရွာပေါင်း ၇၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၅၄၈၄၅ ကျော်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၇.၂၄ စတုရန်းမိုင်ရှိပါသည်။ မော်လိုက်မြို့နယ်၏ အရှေ့ဘက်တွင် ကျွန်းလှမြို့နယ်၊ တောင်ဘက် တွင် ကလေးဝမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် တမူးမြို့နယ်၊ ကလေးမြို့နယ်တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ဖောင်းပြင်မြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက် ရှိပါသည်။

မော်လိုက်မြို့နယ်သည် တောင်ကုန်းတောင်တန်းများ ပေါများပြီး သစ်တောဖုံးလွှမ်း၍ မြေပြန့်လွင်ပြင် နည်းပါးပါသည်။ အလယ်ရိုးမနှင့် အနောက်ရိုးမတောင်တန်း နှစ်ခုကြားတွင်တည်ရှိပြီး တောတောင်၊ချောင်း၊ မြောင်း၊ချိုင့်ဝှမ်း ထူထပ်ကာမြို့၏ အနောက် ဘက်တွင် တောင်တန်းများ ဝန်းရံထားကာ အရှေ့ဘက်တွင် ချင်းတွင်းမြစ်ရှိပါသည်။

မော်လိုက်မြို့နယ်တွင် ချင်းတွင်းမြစ်သည် မြောက်မှ တောင်သို့ မိုင် ၄၀ ခန့် ဖြတ်သန်းစီးဆင်းလျက်ရှိပါသည်။ မြို့နယ်အတွင်းတွင် ချောင်းများ ပေါများသော်လည်း သဲဆန်သောချောင်းများ ဖြစ်သဖြင့် နွေရာသီတွင် ရေခမ်းခြောက်လျှက်ရှိပြီး တစ်နှစ်ပတ်လုံး စီးဆင်းလျှက် ရှိသည့် ချောင်းများမှာ ယူးချောင်း၊ ပန်းသာချောင်း၊ အော်ချောင်း၊ မော်လိုက်ကြီးချောင်း၊ ကိုးတန်ချောင်းတို့ရှိပြီး ချောင်းများအားလုံးသည် ချင်းတွင်းမြစ်သို့ စီးဝင်ကြပါသည်။

ဒေသသမိုင်းအကျဉ်း

မော်လိုက်မြို့နယ်၏ မူလအမည်မှာ "မော်လိဒ်" ဖြစ်ပါသည်။ "မော်လိဒ်" အမည်မှာ ရှမ်းဝေါဟာရဖြစ်ပြီး ရှမ်းလူမျိုးများ မူလအစနေထိုင် ခဲ့ကြပါသည်။"မော်" ဆိုသည်မှာ ရှမ်းဘာသာဖြင့် တွင်းဟုခေါ်ပြီး"လိဒ်" သည် သံဟုခေါ်သောကြောင့် သံထွက်သော တွင်း ဟုရှမ်းဘာသာဖြင့် ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။"မော်လိဒ်"မှ "မော်လိုက်"ဟု တဖြေးဖြေးပြောင်း လဲခဲ့ပါသည်။၁၈၈၆ ခုနှစ်တွင် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက် ပြီးနောက် ချင်းတွင်းမြစ်ကို ဆန်တက်၍ ကင်းတပ်ဒေသတွင် အထက် ချင်းတွင်းခရိုင်မြို့အဖြစ် သတ်မှတ်ကာ ရုံး၊ ထောင်၊ ဆေးရုံ၊ ကြေးနန်း၊ စာတိုက် စသည့်အဆောက်အဦးများ ဆောက်လုပ်ခဲ့ကြသည်။ ထိုအချိန်က မော်လိုက်သည် သူကြီးအုပ်ချုပ်သော ရွာတစ်ရွာဖြစ်ပါသည်။ အရေးပိုင်မင်း မစ္စတာဖောက်ကားလက်ထက် ၁၉၁၆ ခုနှစ် ဇွန်လ (၂၄)ရက်နေ့တွင် ကင်းတပ်၏ အောက်ဖက်(၆)မိုင်အကွာရှိ ချင်းတွင်းမြစ်၏ အနောက် ဘက်ကမ်း မော်လိုက်ရွာတွင် ရုံးစိုက်ပြီး ခရိုင်ရုံးစိုက်ရာမြို့အဖြစ် သတ်မှတ် တည်ထောင်ခဲ့ရာ အထက်ချင်းတွင်းခရိုင် မော်လိုက်မြို့ဟု ထင်ရှားခဲ့ပါ သည်။ မော်လိုက်ခရိုင်သည် မူလက ကလေး၊ ကလေးဝ၊ မင်းကင်း၊ မော်လိုက်၊ ဖောင်းပြင်၊ တမူး(၆)မြို့နယ်ဖြင့် ဖွဲ့စည်းခဲ့သောခရိုင်ဖြစ်ပြီး ၁၉၇၂ခုနှစ် စနစ်သစ်အုပ်ချုပ်ရေးကာလတွင် ခရိုင်ဖျက်သိမ်းခဲ့ပါသည်။ မော်လိုက်မြို့အား ပြည်ထဲရေးနှင့် သသာနာရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၂၇.၇.၁၉၇၂)ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် မြို့အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၁၉၈၈ခုနှစ် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့တာဝန်ယူသည့်ကာလတွင် မော်လိုက်မြို့နယ်စုအဖြစ် ကလေးမြို့တွင် ရုံးဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ကလေးမြို့သည် အုပ်ချုပ်ရေး ၊ လမ်ပန်း ဆက်သွယ်ရေး အချက်အခြာကျသော ဒေသဖြစ်သဖြင့် မော်လိုက်မြို့နယ် စုအား ကလေးမြို့နယ်စုအဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏၁၉၉၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)နေ့စွဲပါ အမိန့်ကြော်ငြာ စာအမှတ်(၄၈) ၊စာအမှတ်၊၁/၉ အထ-၂ဖြင့် မော်လိုက်၊ ဖောင်းပြင်၊ တမူးမြို့နယ် (၃)မြို့နယ်ပါဝင်သည့် မော်လိုက်ခရိုင်အဖြစ် ဖွဲ့စည်းခဲ့ပါသည်။ မော်လိုက်ခရိုင်ကို (၁.၃.၁၉၉၄) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့၏ ၁၉၉၅ခုနှစ် စက်တင်ဘာလ(၁၈)နေ့စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ (၄၂/၉၅)ဖြင့် တမူးမြို့နယ်အား သီးခြားခရိုင်မြို့အဖြစ် ဖွဲ့စည်းသတ်မှတ်ခဲ့ပါသည်။

Attractions in မော်လိုက်