"ကန့်ဘလူ"

ကန့်ဘလူမြို့နယ်တွင် ရပ်ကွက် ၁၁၊ ကျေးရွာအုပ်စု ၈၅၊ ကျေးရွာပေါင်း ၂၉၆ ရွာပါဝင်ပြီး လူဦးရေပေါင်း ၃၀၀၀၀၀ ကျော် နေထိုင်ပါသည်။ ကန့်ဘလူမြို့နယ်သည် အရှေ့မှအနောက်သို့ ၄၃ မိုင်၊ တောင်မှမြောက်သို့ ၆၄.၅ မိုင် ရှည်လျားသည်။ အရှေ့ဘက်တွင် သပိတ်ကျင်းမြို့နယ်၊ တောင်ဘက်တွင် ခင်ဦးမြို့နယ်၊ အနောက်ဘက်တွင် ကျွန်းလှမြို့နယ်၊ တန့်ဆည်မြို့နယ်၊ မြောက်ဘက်တွင် ကောလင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ မြေပြန့်ဒေသနှင့် တောင်ကုန်း တောင်တန်းဒေသ ရောနှောနေပြီး မြို့နယ်၏ တောင်ဘက်ပိုင်းနှင့် အနောက်ဘက်ပိုင်းသည် မြေပြန့်ဖြစ်ပြီး၊ မြောက်ဘက်ပိုင်းနှင့် အရှေ့ဘက် အပိုင်းသည် တောင်ကုန်းတောင်တန်း ဒေသဖြစ်သည်။ မင်းဝံတောင်တန်းသည် ဧရာဝတီမြစ်နှင့်အပြိုင် တောင်နှင့်မြောက် သွယ်တန်းလျှက်ရှိသည်။ အရှေ့မြောက်ပိုင်း၌ရှိသော ဇင်းတောင် (၂၂၉၀ပေ) သည် အမြင့်ဆုံးတောင်ဖြစ်သည်။ မူးမြစ်ဝှမ်းသည် ညီညာသော မြေပြန့်လွင်ပြင်ဖြစ်သည်။ မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိပြီး ဧရာဝတီမြစ်၊ မူးမြစ်တို့သည် ထင်ရှားသည်။ မြစ်ချောင်းအများစုမှာ ရေချိုဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအသုံးပြုနိုင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၆၅ ပေတွင် တည်ရှိပါသည်။ အပူပိုင်းရာသီဥတုနှင့် သမပိုင်းရာသီဥတု ၂ မျိုး ရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၂.၅˚C ဖြစ်သည်။ စီးပွားရေးအချက်အချာကျသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ မန္တလေး၊ မုံရွာ၊ ရွှေဘိုဒေသများသို့ ရထားလမ်း၊ ကားလမ်းဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ အဓိကထွက်ကုန်မှာ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း တို့ဖြစ်သည်။

Attractions in ကန့်ဘလူ