"မချမ်းဘော့"

မချမ်းဘော့မြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၄.၈.၁၉၇၂ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ မချမ်းဘောမြို့နယ်ကို ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၁၃ စု၊ ကျေးရွာပေါင်း ၃၁ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၉၃၀၀ ကျော် နေထိုင်ပါသည်။ မချမ်းဘော့မြို့နယ်သည် ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၁၄၀၀ ကျော်တွင် တည်ရှိပါသည်။ မချမ်းဘော့မြို့နယ်သည် ၁၁၀၄.၂ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ မြို့နယ်၏ အရှေ့ဘက်တွင် ခေါင်လန်ဖူးမြို့နယ်၊ အနောက်ဘက်တွင် ပူတာအိုမြို့နယ်၊ အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ တောင်ဘက်တွင် ဆွမ်ပရာဘွမ်မြို့နယ်၊ မြောက်ဘက်တွင် နောင်မွန်မြို့နယ်တို့ တည်ရှိသည်။ မချမ်းဘော့မြို့နယ်သည် တောင်ကုန်း တောင်တန်းများ ဝန်းရံထူထပ်၍ မြစ်၊ ချောင်းငယ်၊ လျှိုမြောင်များ ပေါများပြီး မြေပြန့်လွင်ပြင် နည်းပါးပါသည်။ မချမ်းဘော့မြို့နယ်သည် မြစ်ချောင်းများ ပေါများပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ မလိခမြစ်၊ ထီခချောင်း၊ ရှန်ခချောင်းတို့မှာ ထင်ရှားပြီး မြောက်မှတောင်သို့ စီးဆင်းလျှက်ရှိသည်။ မချမ်းဘော့မြို့နယ်သည် အေးမြသော ရာသီဥတုရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၃၉˚C ဖြစ်သည်။ မချမ်းဘော့မြို့နယ်သည် အခြားဒေသများနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း၊ ဒေသထွက်ကုန်များ မရှိခြင်းတို့ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပါသည်။ ဒေသခံ ပြည်သူများသည် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး လုပ်ငန်းများကိုသာ အဓိက လုပ်ကိုင်ကြသည်။ ၁၉၉၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော မလိခကြိုးတံတားသည် အရှည် ၇၀၀ ပေ ရှိပြီး မချမ်းဘော့မြို့နယ်တွင် ထင်ရှားပါသည်။ မချမ်းဘော့မြို့နယ် ရပ်ကွက် ၃ တွင် တည်ရှိသော ဂူဘားရိပ်သာသည် မလိခမြစ်ကမ်းအနီး တောင်ကုန်းပေါ်တွင် တည်ရှိသောကြောင့် သာယာလှပသော ရှုခင်းများကို အေးချမ်းစွာ ခံစားနိုင်ပါသည်။

Attractions in မချမ်းဘော့