"ကျွန်းလှ"

ကျွန်းလှမြို့နယ်သည် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၃၄ စု၊ ကျေးရွာပေါင်း ၁၁၄ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၀၃၅၈၁ ကျော် နေထိုင်ပါသည်။ ကျွန်းလှမြို့နယ်နှင့် နယ်နမိတ်ချင်း ဆက်စပ်လျက်ရှိသော မြို့နယ်များမှာ အရှေ့ဘက်တွင် ကန့်ဘလူမြို့နယ်၊ အရှေ့မြောက်ဘက်တွင် ကောလင်းမြို့နယ်၊ မြောက်ဘက်တွင် ပင်လယ်ဘူးမြို့နယ်၊ အနောက်ဘက်တွင် မော်လိုက်၊ ကလေး၀မြို့နယ်၊ တောင်ဘက်တွင် တန့်ဆည်မြို့နယ်များ တည်ရှိပြီး အရှေ့အနောက်မိုင် ၄၀ နှင့် တောင်မြောက် ၅၄ မိုင် ရှိသည်။ မြို့နယ်၏ အကျယ်အဝန်း စတုရန်းမိုင်မှာ ၁၀၁၀.၅၆၃ ဖြစ်သည်။ မြို့၏အနောက်ဘက်တွင် တည်ရှိသော အလယ်ရိုးမတောင်တန်းကြီး၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ဇီးဖြူ တောင်တန်းသည် အမြင့်ဆုံးပေ ၂၃၉၄ နှင့် အနိမ့်ဆုံးပေ ၁၅၀၀ ရှိပြီး ကျန်ဒေသများမှာ မြေပြန့်လွင်ပြင်များဖြစ်သည်။ မြို့၏အနောက်ဘက် တွင် ဧရိယာဧက ၁၀၀၆၄၀ ရှိသည့် သဖန်းဆိပ်ရေလှောင်တမံကြီး တည်ရှိ ပါသည်။ ကျွန်းလှမြို့နယ်သည် အနောက်မှအရှေ့သို့ တဖြည်းဖြည်းနိမ့်ဆင်း သွားပြီး ချောင်းငယ်မြောင်းငယ်များသည် မူးမြစ် (သဖန်းဆိပ်ရေလှောင် တမံ)အတွင်းသို့ စီးဝင်ကြပါသည်။

ဒေသသမိုင်းအကျဉ်း

ကျွန်းလှမြို့နယ်သည် သဖန်းဆိပ်ဆည် တည်ဆောက်မှုကြောင့် ပြောင်းရွှေ့ခဲ့ရသော မြို့တစ်မြို့ဖြစ်ပါသည်။ ယခင်မြို့ဟောင်းသမိုင်းစာတမ်းများ၊  ရှေးဟောင်းမှတ်တမ်းများကို မှီငြမ်းချက်အရ ကျွန်းလှမြို့နယ်သည် ညောင်ရမ်းမင်း (၉၅၉-၉၆၇)လက်ထက်မတိုင်မီက မိုးညှင်း၊ မိုးကောင်း စော်ဘွားများ၏ လက်အောက်ခံသာဖြစ်ခဲ့ပြီး နယ်မြေမှ ထွက်ရှိသည့် ရွှေများကို စော်ဘွားများထံ ဆက်သကြရသည်။ တစ်ရံတစ်ခါ မြန်မာမင်းများသည် နယ်မြေ သို့ ဝင်ရောက်တိုက်ခိုက်ပြီး ရှမ်းမြန်မာအာဏာလုရာနယ်မြေဖြစ်ခဲ့ခြင်း၊ သက္ကရာဇ် ၇၂၅ ခုနှစ်တွင် မင်းနေပြည်ဖြစ်ခဲ့သည့် မြေတူးမြို့ကို မော်တုံ၊ မော်ကယ်စား ရှမ်းတို့ထိပါးသဖြင့် ဘုရင်မင်းခေါင်၏သား အိမ်ရှေ့စံမင်းရဲကျော်စွာသည် မြေတူး မြို့သို့ ချီတက်သိမ်းပိုက်ခဲ့ကြောင်း မှန်နန်းရာဇဝင်တွင် တွေ့ရှိခြင်း၊ ညောင်ရမ်း မင်းတစ်ရားလက်ထက်တွင် ကျွန်းလှမြို့နယ်သည် မြန်မာမင်းများ၏ အုပ်ချုပ်မှု အောက်သို့ လုံးဝရောက်ရှိခဲ့ပြီး ရွှေခွန်တော်ကိုလည်း မြန်မာမင်းများထံ ဆက်သ ရပါသည်။ ရွှေအစုဝင်ရွာ ၂၀ အနက် ကျွန်းလှဒေသမှ ရွှေအစုဝင် ရွာများဖြစ်သော အင်တိုင်း ၅ ရွာ၊ ကျွန်းလှရွာနှင့် မက်တောင်ရွာတို့မှ မှတ်တမ်းများအရ ထင်ရှား သော ရွှေအစုဝင်များဖြစ်ခြင်း၊ ဤဒေသမှ ရွှေအလည်ကျောင်းသည် သမိုင်းတွင် ထင်ရှားခဲ့ပြီး ရွှေဆက်သရသည့် မြို့စားရွာစားများကို ရွှေမှူးဟုလည်းကောင်း အမည်ရှေ့တွင် "သုဝဏ္ဏ" ဟူသော ဘွဲ့များ ချီးမြှင့်ခဲ့ကြောင်း လေ့လာသိရှိရခြင်း၊ မော်တုံ၊ မော်ကယ်သည် ကျွန်းလှမြို့၏ ရှေးအကျဆုံးမြို့နယ်ဖြစ်ပြီး မိုးကောင်း၊ မိုးညှင်းမှ ခွဲထွက်လာသည့် ရှမ်းရွာများဖြစ်ခြင်း၊ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် သီပေါမင်းနန်းကျချိန်အထိ မြို့စားရွာစားများ အဆက်မပြတ်ကြီးမှူးခဲ့ပြီး နောက်ဆုံးမြို့စားမှာ ဦးကြွင်း၏သား ဦးလှိုင် ဖြစ်ပါသည်။ နယ်ချဲ့အစိုးရ လက်ထက်တွင် ရှေးဦးစွာ အင်တိုင်းရွာကို မြို့နယ်ရုံးစိုက်၍ အုပ်ချုပ်ခဲ့ပြီး အင်တိုင်းရွာ၏ ပထမဆုံးမြို့အုပ်မှာ အနော်ရထာသီရိကျော်စွာဘွဲ့ခံ ဦးဘိုးချုပ် ဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၂၆၉ခုနှစ်တွင် ကျွန်းလှမြို့သို့ ပြောင်းရွှေ့ခဲ့ပါ သည်။

Attractions in ကျွန်းလှ