"ရမည်းသင်း"

ရမည်းသင်းမြို့နယ်သည် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၆၃ စု၊ ကျေးရွာပေါင်း ၂၄၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၂၆၀၀၀၃ ကျော်နေထိုင်ပါသည်။ မြို့နယ် ဧရိယာအကျယ်အဝန်းမှာ ၈၃၆.၉၁၅ စတုရန်းမိုင်ရှိပါသည်။ ရမည်းသင်းမြို့နယ်၏ အရှေ့ဘက်တွင် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။

ရမည်းသင်းမြို့နယ်၏ အရှေ့ဘက်တွင် ရှမ်းရိုးမတောင်တန်း၊ အလယ်ပိုင်းတွင် မင်းဝံတောင်တန်း၊ အနောက်ဘက်တွင် ပဲခူးရိုးမတောင်တန်း တို့တည်ရှိပါသည်။ အရှေ့ဘက်ခြမ်းတွင် တောင်ကုန်းများတည်ရှိပြီး၊ ကျောက်စရစ် ရောပြွန်းနေသော မြေများဖြစ်၍ အနောက်ဘက် ခြမ်းတွင်အလယ်ရိုးမ ကုန်းမြေမြင့်များရှိပြီး၊ မြေအမျိုးအစားမှာ ကျောက်စရစ်ကုန်းမြေပိုင်း ဖြစ်ပါသည်။ ကျန်ဒေသများမှာ အများအားဖြင့် မြေဆီလယ်မြေများဖြစ် ပါသည်။ အနည်းငယ်မှာ သဲမြေများဖြစ်ပါသည်။ မြို့နယ်အတွင်း၌ စီးဆင်းနေသော မြစ်ချောင်းများမှာ သစ်ဆုံချောင်း၊ နတ်စင်ချောင်း၊ နန်းခွဲချောင်း၊ ရွှေဒါးချောင်း၊ နဝင်းချောင်း ဆင်သေချောင်း တို့ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ရမည်းသင်းမြို့နယ်အား သရေခေတ္တရာခေတ်ဦးပိုင်း၌ ဒွတ္တပေါင် မင်းကြီးမှ သာသနာနှစ် (၁၂၀) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြို့ စတင် တည်ထောင်စက မြို့တည်နေရာအရပ်၌ နွားနက်၊ နွားမည်းများ အသင်း အပင်းအလိုက်အုပ်စုဖွဲ့၍ ကျက်စားခဲ့သဖြင့် နွားမည်းသင်းမြို့ဟု အမည်တွင်ပြီး ကာလရွေ့လျားလာသည့်အခါ နွားမည်းသင်းမှ နမည်းသင်း ၊ နမည်းသင်းမှ ရမည်းသင်းဟုအမည် ခေါ်တွင်ခဲ့ပါသည်။ ရမည်းသင်းမြို့အား ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၉-၁၁-၁၉၇၂)ရက်စွဲပါ စာအမှတ်၊ ၁၀၃/ ၅၄၀/ စိတ် (၁)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြေငြာစာဖြင့် အတည်ပြုခဲ့ပါသည်။ ရမည်းသင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအား ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၂၈-၂-၁၉၇၃) ရက်စွဲပါ စာအမှတ်၊ ၃ / ၆၃/အထ (၂)ဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာဖြင့် .. အတည်ပြုခဲ့ပါသည်။

Attractions in ရမည်းသင်း