"တနင်္သာရီ"

တနင်္သာရီမြို့နယ်သည် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၂၁ စု၊ ကျေးရွာပေါင်း ၁၇၇ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၂၆၁၈၆ ကျော်နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့ ၅၈.၂၄ မိုင်နှင့် တောင်မှ မြောက်သို့ ၁၄၃.၃ မိုင်ရှည်လျားပါသည်။ မြို့နယ်၏ ဧရိယာအကျယ်အဝန်းမှာ (၂၈ဝ၃၂၉၆ ဧက) (၄၃၈ဝ.ဝ၅) စတုရန်းမိုင် ဖြစ်သည်။ တနင်္သာရီမြို့နှင့် ၈၂ မိုင်အကွာ မြန်မာနှင့် ထိုင်းနယ်စပ်ရှိ မောတောင်သည် ၄ဝ၄ဝ ပေမြင့်ပြီး နယ်ခြားမှတ်တိုင်နှင့် တောင်ကြားလမ်းရှိသည်။

တနင်္သာရီမြို့နယ်သည် မြစ်ချောင်းများပေါများသည့် ဒေသတစ်ခု ဖြစ်ပြီး မြစ်ချောင်းများသည် အများအားဖြင့် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ တနင်္သာရီမြစ်၏အရှည်သည် ၂၇၀ မိုင်ခန့်ရှိပြီး ထားဝယ်မြို့နယ်၊ မေတ္တာမြို့အနီး ခမောင်းသွယ်ချောင်းနှင့် ဘန်းချောင်း ဆုံရာနေရာမှ မြစ်ဖျားခံကာ ထားဝယ်မြို့နယ်အတွင်း ၁၀၅ မိုင်ခန့်၊ တနင်္သာရီမြို့နယ်အတွင်း ၁၃၈ မိုင်ခန့်၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ် အကြား ၂၇ မိုင်ခန့်ဖြတ်သန်းစီးဆင်း၍ မြိတ်မြို့နယ်နှင့်ကျွန်းစု မြို့နယ်အကြား မြိတ်မြို့အနီး ပင်လယ်ဝသို့စီးဝင်ပါသည်။ ထားဝယ်မြို့နယ် အတွင်း ဘန်းချောင်း၊ ခမောင်းသွယ်ချောင်း၊ ငရံ့နီ ချောင်း၊ အမိုးချောင်း၊ မင်းသမီးချောင်း၊ အမြားချောင်း၊ မင်းငေါချောင်းနှင့် တနင်္သာရီမြို့နယ်အတွင်း ရာဝချောင်း၊ ကျောက်ပါးချောင်း၊ ပဝတ်ချောင်း၊ ရေပူချောင်း၊ တနင်္သာရီမြစ်ငယ်တို့သည် တနင်္သာရီမြစ်အတွင်းသို့ စီးဝင်သောချောင်းများ ဖြစ်ပါသည်။ ချောင်းငယ်မြစ်သည် ဘုတ်ပြင်းမြို့နယ်မှ မြစ်ဖျားခံလာသော ငဝန်ချောင်း နှင့် မောတောင်မှ မြစ်ဖျားခံလာသော သိန်ခွန်းချောင်းတို့ ပေါင်းဆုံကာ ချောင်းငယ်မြစ်အဖြစ် တောင်မှမြောက်သို့ စီးဆင်းလာပြီး တနင်္သာရီမြို့ အနီးတွင် တနင်္သာရီမြစ်ငယ်နှင့်ပေါင်းဆုံ၍ တနင်္သာရီမြစ် အဖြစ်သို့ပြောင်း လဲသွားပါသည်။

ဒေသသမိုင်းအကျဉ်း

မြန်မာသက္ကရာဇ် ၅၈၈ ခုနှစ်တွင် ရေးထိုးသည့်ကျောက်စာအရ ပုဂံပြည့်ရှင် နရပတိစည်သူမင်းလက်ထက် ပုဂံနေပြည်တော် နယ်နိမိတ်သည် တောင်လားသော် စညွှတ်သင်တုတ်၊ တနင်သာရေ၊ လင်တွာဆလင်မြေ ဟုပါရှိလာသည့် အတိုင်းရှေးယခင်ကပင် မြန်မာတို့ နယ်မြေပိုင်နက်ဖြစ်ပါကြောင်း သက္ကရာဇ် ၆၁ ခု၊ အေဒီ ၁၂၅၀-၁၂၈၇ တွင် ပုဂံနေပြည်တော် ပျက်သုန်း၍ မြင်စိုင်းမင်း၊ ပင်းယ၊ မက္ခရာ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ပြည်စသည့် မြို့ပြနိုင်ငံငယ်များ ထောင်ထားခြားနား ပေါ်ပေါက်လာသည့်နည်းတူ တနင်္သာရီတိုင်းမြစ်ညာ အောင်သာဝရမြို့ကိုစိုးစံသည့် (ယိုးဒယား မဟုတ်သည့်) ကျမိုင်းနှင့်လင်းဇင်း အနွယ်ဝင် ဧကဒယ်ရာမင်းသည် ၆၃၅ ခုနှစ်တွင် တနင်္သာရီအရပ်၌ မြို့ပြတည်ထောင်၍ နန်းစိုက်ပါသည်။ မြိတ်မြို့ သည် တနင်္သာရီလက်အောက်ခံ ဖြစ်ပါသည်။ မြန်မာ့အုပ်ချုပ်ရေးခိုင်မာလာသော် တနင်္သာရီမြို့ဝန်ကို မြိတ်မြို့သို့ ပြောင်းရွှေ့စေပြီး အင်္ဂလိပ်တို့သည် ၁၈၂၄ အင်္ဂလိပ်- မြန်မာစစ်ပွဲ အပြီးတွင် တနင်္သာရီဒေသကို သိမ်းပိုက်ခဲ့သည်။ တနင်္သာရီကိုအရပ်ခွဲ၍ တိုင်းမြို့တော်အဖြစ်သတ်မှတ်ခဲ့သည်။ ကျိုက္ခမီမြို့ကိုတိုင်းမြို့တော်အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၁၉၁၁ ခုနှစ်တွင် တနင်္သာရီကိုမြို့နယ်အဖြစ် သတ်မှတ်၍ မြို့ပိုင်တစ်ဦး သီးခြားအုပ်ချုပ်ခဲ့ပါသည်။

Attractions in တနင်္သာရီ