"သီပေါ"

ပြည်ထဲရေးဝန်ကြီးဌာန၏ မှတ်တမ်းအရ သီပေါမြို့ကို ခရစ်နှစ် ၁၈၈၈ ခုနှစ်၊ မတ်လတွင် သီပေါစော်ဘွား စဝ်ကြာထွန်း၏ သားတော် စဝ်ကြာခိုင် (ခ) စဝ်ခွန်ဆိုင်က မန္တလေးမြို့ပုံစံအတိုင်းတည်ခဲ့သည်ဟု ဖော်ပြထားသည်။ နမ့်ပေါ့ချောင်း၏ ပါးစပ်ဝတွင် တည်ထားခဲ့သဖြင့် ရှမ်းဘာသာစကား ဆွတ်ပေါ့ (ပါးစပ်ဝ၌ တည်ထားသောမြို့)ဟု ခေါ်တွင်ခဲ့ပြီး ဆွတ်ပေါ့မှ ဆီပေါ၊ သီပေါဟု အဆင့်ဆင့်ရွေ့လျားလာခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၃၁.၈.၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအရ သီပေါမြို့နယ်ကို ဖွဲ့စည်းခဲ့ပြီး ရပ်ကွက် ၁၁ ခု၊ ကျေးရွာအုပ်စု ၆၇ စု၊ ကျေးရွာပေါင်း ၄၇၆ ရွာ ပါဝင်ပြီး လူဦးရေပေါင်း ၁၇၀၀၀၀ ကျော် နေထိုင်ပါသည်။ သီပေါမြို့နယ်သည် ၂၀၄၅ စတုရန်းမိုင်ကျယ်ဝန်းပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၁၃၉၈ ပေ အထက်တွင် တည်ရှိပါသည်။ အရှေ့ဘက်တွင် လားရှိုးနှင့် မိုင်းရယ်မြို့နယ်၊ တောင်ဘက်တွင် ရပ်စောက်၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်၊ အနောက်ဘက်တွင် ကျောက်မဲမြို့နယ်၊ မြောက်ဘက်တွင် နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့ တည်ရှိပါသည်။ သီပေါမြို့နယ်သည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး မြေပြန့်လွင်ပြင် နည်းပါးပါသည်။ မြစ်ချောင်းများ နည်းပါးသော ဒေသဖြစ်ပြီး မြစ်ချောင်းများသည် မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည်။ ဒုဌဝတီမြစ်မှာ ထင်ရှားပြီး သီပေါမြို့အနီးမှဖြတ်၍ မြောက်မှ တောင်သို့ စီးဆင်းပါသည်။ နမ့်ပေါ့ချောင်းနှင့် ကျင်သီချောင်းမှာ အနောက်မှအရှေ့သို့ စီးဆင်း၍ ဒုဌဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။ ရေအများစုမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပါသည်။ ဒုဌဝတီမြစ်တွင် စက်လှေများ ရာသီမရွေး သွားလာနိုင်ပါသည်။ ပူအိုက်စွတ်စိုသော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၂˚C ဖြစ်သည်။ သီပေါမြို့နယ်သည် စီးပွားရေးအရ အချက်အချာကျပြီး ဖွံ့ဖြိုးတိုးတက်မှုရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြသည်။ သီပေါမြို့နယ်သည် မူဆယ်-မန္တလေး ကားလမ်းမပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပါသည်။ အဓိက ထွက်ကုန်မှာ လိမ္မော်၊ ရှောက်ချို၊ နာနတ်တို့ ဖြစ်ပါသည်။ သီပေါမြို့နယ်မှ သီပေါဟော်နန်းနှင့် Little Bagan တို့မှာ ထင်ရှားသည်။

Attractions in သီပေါ