"ညောင်လေးပင်"

ညောင်လေးပင်မြို့နယ်သည် အရှေ့မှ အနောက်သို့ ၂၁ မိုင်နှင့် တောင်မှမြောက်သို့ ၂၀ မိုင်ရှည်လျားပါသည်။ ညောင်လေးပင်မြို့နယ်၏အရှေ့ဘက်တွင် စစ်တောင်းမြစ်နှင့် ရွှေကျင်မြို့နယ်၊တောင်ဘက်တွင် ဝေါမြို့နယ်နှင့်ဒိုက်ဦးမြို့နယ်၊ အနောက်ဘက်တွင် ဒိုက်ဦးမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ မြောက်ဘက်တွင်ကျောက်တံခါးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

ညောင်လေးပင်မြို့နယ်၏ မြေမျက်နှာသွင်ပြင်မှာ ပင်လယ်ရေ မျက်နှာပြင်အထက် ၅၀ ပေထက်မြင့်သော ဒေသများဖြစ်ပြီး ရန်ကုန်- မန္တလေးမီးရထားလမ်းတို့သည် အနိမ့်ဘက်ခြမ်းတွင် တည် ရှိပါသည်။ မြစ်ချောင်းများပေါများသည့် ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းများသည် အများအားဖြင့်မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပါသည်။ ထင်ရှားသည့်မြစ်မှာ စစ်တောင်းမြစ်ဖြစ်ပြီး မြောက်မှတောင်သို့စီးဆင်းပါသည်။ ထင်ရှားသောချောင်း များမှာရဲနွယ် ချောင်း၊ ဘိုင်းဒါးချောင်းတို့ဖြစ်ပြီး ပဲခူးရိုးမတွင် မြစ်ဖျားခံ၍ မြို့နယ် အတွင်း အနောက်မှအရှေ့သို့ဖြတ်သန်း၍ စစ်တောင်းမြစ်အတွင်းစီးဝင်ပါသည်။

ဒေသသမိုင်းအကျဉ်း

ညောင်လေးပင်မြို့ကို မည်သူမည်ဝါ တည်ထောင်ခဲ့သည်ဟု ခိုင်လုံသော အထောက်အထားမရရှိသေးပါ။ ရှေးအစဉ်အဆက်စကားအရ ဥဩငှက်ညောင်ပင်စိုက် ထို၌မြို့ရွာတည်လတ္တံ့ဟု တစ်ဘောင်တစ်ခုရခဲ့သဖြင့် ၁၁၁၇ ခုနှစ်၌ မြို့ရွာတည်ခဲ့သည်ဟုယူဆရပါသည်။ ညောင်လေးပင်မြို့ တည်သောနှစ်သည် ကုန်းဘောင်ခေတ်ထက် ၂ နှစ်ခန့်နောက်ကျတည်ခဲ့ကြောင်း မြို့နယ်သမိုင်းလေ့လာရေး ပုဂ္ဂိုလ်များက အဆိုရှိပါသည်။ ညောင်လေးပင်မြို့မှအရှေ့ဘက် ၄ မိုင်အကွာရှိ ပုဇွန်မြောင်းရွာအနီး အရှေ့အရပ်၌တည်ထားသော ရှေးဟောင်းစေတီမှရရှိသည့် ရတနာ ခေတ်ဟောင်း ဒေါင်းဒင်္ဂါးများတွေ့ရှိခဲ့မှုအရ ၎င်းစေတီ ၃ ဆူကို တည်ထားသော ဘိုးတော်တပ်မှူးမှာ မင်းတုန်းမင်း၏တပ်မှူးတစ်ဦးဖြစ်ခြင်း၊ မြင်းကွန်းမြင်းခုံတိုင်ညီနောင်ကို နှိမ်နှင်းရန်စေလွှတ်ရာမှ ပျဉ်းမနားတွင် မင်းသားညီနောင်နှင့်တွေ့ဆုံပြီး သစ္စာရေသောက် လိုက်ရသဖြင့် နေပြည်တော်သို့မပြန်ဝံ့ဘဲ အောက်ပြည်အောက်ရွာသို့ တိမ်းရှောင်ရင်း ညောင်လေးပင်မြို့၊ ပုဇွန်မြောင်းရွာသို့ရောက်ရှိကြောင်း အမှတ်အသားရှိပါသည်။ သမိုင်းပညာရှင်အချို့ကလည်း အနောက်ဘက်လွန်မင်းသည် ပေါ်တူကီ၊ ငဇင်ကာနှင့် နတ်ရှင်နောင်တို့ကို နှိမ်နှင်းရန် တောင်ငူမှသန်လျင်သို့ ချီတက်ရာတွင် မိုးကျသဖြင့် ပုဇွန်မြောင်းအရပ်တွင် ရိက္ခာဖြည့်တင်းခဲ့ကြောင်း၊ စစ်သားအချို့ကျန်ရစ်ခဲ့ပြီး အညာဒေသမှ အိုးလုပ်သော အတတ်ဖြင့် အသက်မွေးဝမ်းကြောင်းပြု လုပ်ခဲ့ကြသဖြင့် ယခုတိုင်ပုဇွန် မြောင်းအိုးသည် နာမည်ကြီးဖြစ်၍ အင်းဝခေတ်နောက်ပိုင်း၌ တည်သည် ဟုယူဆနိုင်သည့်အပြင် ယခုတော်ဝိကျေးရွာ ရန်ကုန် - မန္တလေးကား လမ်းအနီး မင်းရဲလှကင်းတပ်မြို့၊ ဟံသာဝတီ ကင်းတပ်မြို့ ၃၂ မြို့ အပါအဝင် အမှတ်အသားများကျန်ရှိသဖြင့် ဟံသာဝတီခေတ်တွင် ညောင်လေးပင်ဟူ၍ မပေါ်ပေါက်သေးကြောင်း ယူဆရပါသည်။

ညောင်လေးပင်မြို့သည် ၁၉၁၁ ခုနှစ်၊ မြို့ပြဥပဒေပုဒ်မ၄အရ မြို့အဖြစ် သို့ရောက်ရှိခဲ့ပြီး ထိုစဉ်က(၁)ဘုရားကြီးရပ်၊ (၂)ဈေးပိုင်းရပ်၊ (၃)လမ်း သစ်ရပ်၊ (၄)မြို့ပတ်ရပ်၊ (၅)ရွာမ တောင်အရပ်၊ (၆)ရွာမမြောက်အရပ်၊ (၇)ဗိုလ်ချုပ်ရပ်၊ (၈)ရွာမအနောက်အရပ်ဟူ၍ ရပ်ကွက်(၈)ခု ဖွဲ့စည်း ခဲ့ပြီး (၃၁-၁၀-၁၉၇၂)ရက်နေ့တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာ (၁၀၇၄)အရ ညောင်လေးပင်မြို့ကို ရပ်ကွက် (၁/၂/၃/၄/၅)ဟူ၍ ဖွဲ့စည်းခဲ့ပါသည်။

Attractions in ညောင်လေးပင်