"စဉ့်ကူး"

စဉ့်ကူးမြို့နယ်သည် ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၃၇ စု၊ ကျေးရွာပေါင်း ၁၂၂ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၅၇၅၉၈ ကျော် နေထိုင်ပါသည်။ မြို့နယ်အကျယ်အဝန်း ၅၄၄.၀၃ စတုရန်းမိုင်ရှိပါသည်။ စဉ့်ကူးမြို့နယ်၏ အရှေ့ဘက်တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် မန္တလေး တိုင်းဒေသကြီး၊ မတ္တရာမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ မြောက်ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

စဉ့်ကူးမြို့နယ်၏ အရှေ့ဘက်ခြမ်းတွင် ရှမ်းကုန်းမြေမြင့်နှင့် ထိစပ်လျှက်ရှိသဖြင့် တောင်ကုန်း၊ တောင်တန်းများတည်ရှိ၍ အနောက် ဘက်ခြမ်းသည် ဧရာဝတီမြစ်တည်ရှိသဖြင့် မြေပြန့်လွင်ပြင်ဖြစ်ပါသည်။ အမြင့်ဆုံးတောင်မှာ ဗောင်းတော်ကျတောင်ဖြစ်၍ ၃၅၃၁ ပေမြင့်ပြီး၊ အနိမ့်ဆုံးတောင်မှာ မြေနီတောင် ၇၅၀ပေ ဖြစ်ပါသည်။ တောင်တန်း များမှာ မြောက်မှတောင်သို့သွယ်တန်းလျက်ရှိပြီး ဧရာဝတီမြစ်၊ ချောင်း တာရှည်ချောင်း၊ ကျောက်အိုးချောင်း၊ မာလဲ ချောင်းတို့စီးဆင်းလျှက် ရှိပါသည်။ ရေချိုအင်းများအနေဖြင့် ရေစီးရေလာ ၂၂ အင်း၊ မြစ်ရိုး အင်း ၉ အင်း၊ မုယင်းသက်ဝင်အင်း ၇ အင်း၊ စုစုပေါင်း ၃၈အင်း ရှိပါသည်။

ဒေသသမိုင်းအကျဉ်း

စဉ့်ကူးမြို့နယ်သည် အနော်ရထာမင်းကြီး တည်ထောင်ခဲ့သော ကင်းမြို့ ၄၃ မြို့အနက် တစ်မြို့အပါ အဝင်ဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၄၂၂ တွင် တည်ခဲ့ ပါသည်။ ယခင်မြို့အမည်မှာ ငစဉ့်ကူး ဖြစ်ပြီး စဉ့်ကူးမင်း(ကုန်းဘောင်မင်းဆက်) လက်ထက်တော်တွင် မြို့ရိုး၊ ပြအိုး၊ ကျုံး၊ စံနန်းတို့ဖြင့် စနစ်တကျတည်ခဲ့သော သမိုင်းဝင်ရှေးဟောင်း မြို့တစ်မြို့ဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၂-၁၂-၁၉၇၂) ရက်စွဲပါစာအမှတ်၊ ၁၀၃/ ၄၁ စိတ်(၁)ဖြင့်ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာအရ စဉ့်ကူးမြို့ကို မြို့အဖြစ်လည်းကောင်း၊(၂၈-၂-၁၉၇၃)ရက်စွဲပါစာအမှတ်၊၃/၅၉ အထ (၂)နှင့်(၂၈-၂-၁၉၇၃)ရက်စွဲပါစာအမှတ်၊ ၃/၅၉အထ(၂) ဖြင့် ထုတ်ပြန်ခဲ့သည့်အမိန့်ကြော်ငြာစာ (ပြင်ဆင်ချက်)တို့ဖြင့် ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများ၊ ကျေးရွာများကိုလည်းကောင်း အတည်ပြုခဲ့ပါသည်။

Attractions in စဉ့်ကူး