"သာစည်"

သာစည်မြို့နယ်ဧရိယာအကျယ်အဝန်း ၇၈၇.၆၁ စတုရန်းမိုင်ရှိပါသည်။ သာစည်မြို့နယ်သည် အနော်ရထာမင်းလက်ထက်တွင် ရှမ်းပြည်နယ်နှင့် ဆက်စပ်လျက်ရှိသော သာဂရ လှိုင်းတက် နှင့် ညောင်ရမ်းတို့တွင် ကင်းစောင့်မြို့အဖြစ် ထားရှိကာ မင်းညီမင်းသားများ အုပ်ချုပ်စေခဲ့ပါသည်။ ၁၈၈၆ ခုနှစ် တွင် မြို့အုပ်အဖြစ် လှိုင်းတက်တွင် ခန့်အပ်အုပ်ချုပ်စေခဲ့ပြီးနောက် ၁၈၈၇ ခုနှစ်တွင် သာစည်မြို့အဖြစ် သတ်မှတ်အုပ်ချူပ်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၅-၁၀-၁၉၇၂ ခုနှစ် ၊ ရက်စွဲ ပါစာအမှတ် ၁၀၃/၄၈/ စီမံ ( ၁) ဖြင့် မြို့၏ နယ်နိမိတ်ကို ဖွဲ့စည်းထားပြီး ၂၈-၂-၁၉၃၇ ခုနှစ် ရက်စွဲပါ စာအမှတ် ၃/ ၆၆/အထ( ၂ ) ဖြင့်မြို့နယ်၏ နယ်နိမိတ်ကို ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ပြည်ထဲရေး ၀န်ကြီးဌာန၏ (၅-၂-၂၀၁၀)ရက်စွဲပါ စာအမှတ်၊ ၂၀၀/ ၂၃-၁၇၁ / ဦး ၁ အမိန့် ကြော်ငြာစာဖြင့် သာစည်မြို့နယ်အတွင်း ကျေးရွာတိုး ၈ ရွာ၊ ရွာပျက် ၁ ရွာ၊ အမည်ပြောင်း ၁ အုပ်စုတို့အား ပြောင်းလဲဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် ရပ်ကွက် ၇ ရပ်ကွက် ကျေးရွာအုပ်စု ၈၀ အုပ်စု၊ကျေးရွာပေါင်း ၂၄၉ ရွာဖြင့်ဖွဲ့စည်းထားပါသည်။

သာစည်မြို့နယ်၏ အရှေ့ဘက်တွင် ရှမ်းပြည်နယ်ရှိ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် မိတ္ထီလာမြို့နယ်နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ဝမ်းတွင်းမြို့နယ်တို့နှင့် နယ်နိမိတ်ထိ စပ်လျက်ရှိပါသည်။

သာစည်မြို့နယ်သည် တောင်ကုန်းတောင်တန်းများနှင့် လွင်ပြင်များရှိသောဒေသဖြစ်ပြီး အရှေ့ဘက်ခြမ်းတွင် သစ်တောများဖုံးလွမ်း၍ အနောက်ဘက်တွင် မြေပြန့်လွင်ပြင်များ ဖြစ်ပါသည်။ ရှမ်းရိုးမတောင်တန်း မှာ မြောက်မှ တောင်သို့ သွယ်တန်းလျက်ရှိပါသည်။

သာစည်မြို့နယ်သည် မြစ်ချောင်းများ နည်းပါးသည့်ဒေသတစ်ခုဖြစ်ပြီး ထင်ရှားသော ချောင်း မှာ စမုံချောင်းဖြစ်ပြီး ပျော်ဘွယ်မြို့နယ်စပ်၊ မြို့နယ်၏ အရှေ့တောင်ဘက်ရှိ ကုက္ကိုကန်အုပ်စုမှ ဖြတ်၍စီးဆင်းပြီး တောင်မှမြောက်သို့ စီးဆင်းပါသည်။ ငှက်ကြီးသိုက် အုပ်စုတွင်စမုံရေထိန်းတမံ တည်ဆောက်ထားပြီး သာစည်မြို့နယ်၏ မြောက်ဘက်ခြမ်းရှိ ကျေးရွာအုပ်စုများနှင့် ဝမ်းတွင်းမြို့နယ် ရှိကျေးရွာများ သို့ စိုက်ပျိုးရေ ပေးဝေလျက် ရှိသည်။

Attractions in သာစည်