"ကနီ"

ကနီမြို့နယ်ကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ (၂၈.၇.၁၉၇၂) ရက်စွဲပါအမိန့်ကြော်ငြာစာအရ ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၄၅ စု၊ ကျေးရွာပေါင်း ၁၈၈ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၅၂၀၀၀ ကျော် နေထိုင်ပါသည်။ အရှေ့မှအနောက်သို့ ၅၀ မိုင်၊ တောင်မှမြောက်သို့ ၄၁ မိုင် ရှည်လျားသည်။ ကနီမြို့နယ်သည် ၁၂၉၇ စတုရန်းမိုင် ကျယ်ဝန်းသည်။ မြောက်ဘက်တွင် မင်းကင်းမြို့နယ်နှင့် ရေဦးမြို့နယ်၊ အနောက်ဘက်တွင် မင်းကင်းမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၊ တောင်ဘက်တွင် ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်၊ အရှေ့ဘက်တွင် ဘုတလင်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ် တို့နှင့် နယ်နိမိတ် ထိစပ်လျှက်ရှိသည်။ ချင်းတွင်းမြစ်၏ အနောက်ဘက်ခြမ်းသည် တောင်တန်း၊ တောင်ကုန်းများပေါများပြီး အရှေ့ဘက်ခြမ်းသည် လွင်ပြင်ဒေသဖြစ်သည်။ မဟူတောင်တန်း၊ ပုံတောင်၊ လက်ပံတောင်တို့သည် တောင်မှမြောက်သို့ သွယ်တန်းလျှက်ရှိသည်။ ချင်းတွင်းမြစ်သည် ကနီမြို့နယ်အတွင်း မြောက်မှတောင်သို့ ရေမိုင် ၅၇ မိုင် ဖြတ်သန်း စီးဆင်းသွားပါသည်။ ချောင်းများပေါများပြီး ၎င်းချောင်းများအားလုံးသည် ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်ကြသည်။ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၂၆၅ ပေအထက်တွင် တည်ရှိသည်။ ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၁၀၀˚F ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ဒေသခံများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ မုံရွာမြို့သို့ ကုန်းလမ်း၊ ရေကြောင်းလမ်းများဖြင့် သွားလာနိုင်ပြီး လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်သည်။ အဓိကထွက်ကုန်မှာ ဆီထွက်သီးနှံဖြစ်သည်။

Attractions in ကနီ