"ဟုမ္မလင်း"

ဟုမ္မလင်းမြို့နယ်သည် ရပ်ကွက် ၁၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၆ စု၊ ကျေးရွာပေါင်း ၃၂၆ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေစုစုပေါင်း ၂၁၁၃၀၇ ဦးခန့်နေထိုင်ပါသည်။ မြို့နယ်ဧရိယာအကျယ်အဝန်း ၄၃၂၆.၄၄၈ စတုရန်းမိုင်ရှိပါသည်။ မြို့နယ်၏အရှေ့ဘက်တွင်ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပြီး တောင်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ချင်းပြည်နယ်၊ တမူးမြို့နယ်၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ လေရှီးမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။ ဟုမ္မလင်းမြို့နယ်၏ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံနှင့် ထိစပ်လျက်ရှိပြီး ထိစပ်မိုင်မှာ ၁၅ မိုင်ဖြစ်ပါသည်။

ဟုမ္မလင်းမြို့နယ်သည် တောင်ကုန်းတောင်တန်း အနည်းငယ်ရှိပြီး လွင်ပြင်ဒေသဖြစ်ကာ မြို့နယ်ဧရိယာ(၇၀%)ကျော် သစ်တောများ တည်ရှိပါသည်။ ထင်ရှားမြစ်ချောင်းမှာ ချင်းတွင်းမြစ်၊ ဥရုမြစ်တို့ဖြစ်ပြီး မြစ်လက်တက်/ ချောင်းလက်တက်များ ပေါများစွာတည်ရှိ စီးဆင်းလျက်ရှိပါသည်။ ချင်းတွင်းမြစ်သည် မြို့အနီးမှဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိပြီး ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါသည်။ ဥရုမြစ်သည် အရှေ့မြောက်မှ အနောက်တောင်သို့ စီးဆင်းလျက် ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်ပါသည်။ ဒေသအတွင်းရှိ ရေအရင်းအမြစ် အားလုံးမှာ ရေချိုများဖြစ်၍ စိုက်ပျိုးရေ၊ သောက်သုံးရေစသည်များ အသုံးပြုနိုင်ပါသည်။ ဟုမ္မလင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၄၃၀ ပေ အထက်တွင်တည်ရှိပြီး အမြင့်ဆုံးတောင်မှာ တောင်သုံးလုံးဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် ၅၇ဝဝ ပေဖြစ်၍ မြို့နယ်၏ အနိမ့်ဆုံး ဒေသမှာကျွန်းကုန်းရွာနှင့် တောင်ပေါ်ဆည်တော်ရွာတို့ ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ဟုမ္မလင်းမြို့နယ်သည် လွန်ခဲ့သောနှစ်ပေါင်း (၂၅၀၀)ခန့်က ဥရုမြစ်ဖျားအရှေ့ဘက် မိုးညှင်းနယ်များမှ ခန္တီးရှမ်းလူမျိုးနွယ်စုများ (ခန္တီးလုံရှမ်းများ) သည်လည်းကောင်း၊ ကောလင်း၊ ဝန်းသိုနှင့် ကသာဒေသ တို့မှ အဟုန်ရှမ်းမျိုးနွယ်စုများသည်လည်းကောင်း၊ ဥရုမြစ်ဖျားမှ ရေကြည် ရာမြက်နုရာရှာဖွေရင်း ပြောင်းရွှေ့နေထိုင်လာရာမှ မြို့တည်ထောင် အခြေပြုခဲ့သည်ဟု ဆိုစမှတ်ပြုခဲ့ကြသည်။ ဟုမ္မလင်း ဆိုသည်မှာ "ဟုမ်း"သည် "ညောင်ပင်"ဟု အဓိပ္ပါယ်ရပါသည်။ "မလင်း"မှာ"ပိန္နဲ"ဟု အဓိပ္ပါယ်ရပါ သည်။ ဟုမ္မလင်းမြို့သည် "ညောင်ပင်၊ ပိန္နဲပင်များပေါက်သည့် ညောင်ပိန္နဲမြို့"ဟု အဓိပ္ပါယ်ရပါသည်။ တဖန်ထမန်လူမျိုး၊ ကဒူးကနန်းလူမျိုးတို့ သည်လည်းကောင်း၊ အနောက်ရိုးမတောင်တန်းရှိ နာဂလူမျိုးတို့သည် လည်းကောင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းသို့ ပြောင်းရွှေ့နေထိုင်လာကြကြောင်း တွေ့ရှိရပါသည်။ ဟုမ္မလင်းမြို့နယ်သည် ပြည်ထဲရေးဝန်ကြီးဌာန၏ (၁၂-၁၂-၁၉၇၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀၃/၁၇/စိတ်၁ ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

Attractions in ဟုမ္မလင်း