"ဗန်းမောက်"

ဗန်းမောက်မြို့နယ်သည် ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၄၇ စု၊ ကျေးရွာပေါင်း ၂၂၃ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၀၅၉၄၉ ကျော်နေထိုင်ပါသည်။ ဗန်းမောက်မြို့နယ်သည် အရှေ့မှအနောက်သို့ ၄၈ မိုင်နှင့် တောင်မှမြောက်သို့ ၆၀ မိုင် ရှည်လျားပါသည်။ ဗန်းမောက်မြို့နယ်၏ အရှေ့ဘက်တွင် အင်းတော်မြို့နယ်၊ တောင် ဘက်တွင် ဝန်းသိုမြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင်ဖောင်းပြင်မြို့နယ်၊ ဟုမ္မလင်းမြို့နယ်တို့နှင့် ထိစပ်လျက် ရှိပြီး မြောက်ဘက်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိပါသည်။ ဗန်းမောက်မြို့နယ်သည် တောင်ကုန်းတောင်တန်းများပေါများပြီး မြေပြန့် လွင်ပြင်နည်းပါး၍ ချောင်းများရှိပါသည်။ မြစ်ချောင်းများပေါများသည့် ဒေသတစ်ခု ဖြစ်ပြီးထင်ရှားသည့်မြစ်ချောင်းများမှာ ဗန်းမောက်ချောင်း၊ ခေါပုတ်ချောင်း၊ ချောင်းကြီးချောင်း၊ ကတောင်ချောင်း၊ ဆင်သေချောင်း၊ မံယူးကြီးချောင်း၊ မဲဇာချောင်း၊ မူးမြစ်ဖျား၊ နန့်ကျင်ချောင်း၊ နန့်မားချောင်း၊ နန့်ခမ်းချောင်း။ မံကပ်ချောင်း၊ တောင်ချောင်း၊ ပင့်စင်တဲချောင်းတို့ဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

 ဗန်းမောက်မြို့နယ်သည် အစဉ်အဆက် အလွန်ရှေးကျသော ခေတ်မှစ၍ လူတို့နေထိုင်ရာအရပ်ဖြစ်ခဲ့သည်။ ပုပ္ပါးစောရဟန်းမင်း မင်းပြုပြီး သက္ကရာဇ် ၄၉၂ တွင် ရှင်အာစာရမထေရ်သည် ဗန်းမောက်မြို့နယ်၊ မံယူးကြီးအရပ်သို့ သာသနာပြု ကြွရောက်လာပါသည်။ ၎င်းမထေရ်၏ ကျင့်ကြံအားထုတ်မှုများကို မံယူးကြီးကျေးရွာသားများက ကြည်ညိုကြ၍ ကျောင်းဆောက်လုပ်လှူဒါန်းကြကုန်၏ ဟူ၍ ဦးဣန္ဒာဝံသ (ရွာသစ်ကုန်း ကျောင်း၊ မံစီ) ရေးသားပြုစုသောရွှေဇေယျာဘုရားသမိုင်းတွင် ဖော်ပြထား ပါသည်။ မံယူးကြီးကျေးရွာသည် ဗန်းမောက်မြို့နယ်၏ ရှေးအကျဆုံး ကျေးရွာများတွင် ပါဝင်ပါသည်။ ယင်းခေတ်တွင် ဗန်းမောက်ဟူ၍ အမည် မတွေ့ရပေ၊ မြန်မာဘုရင်မင်းတုန်းမင်းလက်ထက် ဝန်းသိုစော်ဘွားပိုင် သော ၅ ခရိုင်တွင် ဗန်းမောက်ခရိုင်ဟူ၍ တွေ့ရပြီး၊ ရှမ်းအများဆုံး နေထိုင်ရာ ဖြစ်ခဲ့ပါသည်။ မားပုတ်ဟူသော ရှမ်းစကားမှ ဗန်းမောက်ဟူ၍ ဖြစ်ပေါ် ခဲ့ ကြောင်း သိရှိရပါသည်။ မားပုတ် ဟူသော ဝေါဟာရမှာ - မား လာ၍ ပုတ် - လှုပ်နှိုးသည် ဟူ၍ ဖြစ်ပြီး အိပ်သောသူအား လှုပ်နှိုးသည် ဟု အဓိပ္ပာယ်ရပါသည်။

Attractions in ဗန်းမောက်