"ပန်းတောင်း"

ပန်းတနော်မြို့နယ်သည် ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၄၁ စု၊ ကျေးရွာပေါင်း ၂၁၀ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေပေါင်း ၁၅၂၆၆၈ ကျော်နေထိုင်ပါသည်။ မြို့နယ်သည် အရှေ့မှအနောက်သို့ ၃၄ မိုင်နှင့် တောင်မှမြောက်သို့ ၂၈.၄၇ မိုင် ရှည်လျားပြီး စုစုပေါင်းဧရိယာစတုရန်းမိုင် ၉၆၇.၉၈ မိုင်ရှိပါသည်။ဧရာဝတီမြစ်၏ လက်ျာကမ်းပေါ်တွင် တည်ရှိပြီးလျှင် ပြည်မြို့၏တောင်ဘက် ၉ မိုင်ဝေးသည်။ မြန်မာပြည်မမှ ရခိုင်ပြည်နယ်သို့သွားရာ ကုန်းကြောင်းခရီးဖြစ်သော တောင်ကုတ်တောင်ကြားလမ်းကို ပန်းတောင်းမြို့မှတစ်ဆင့် သွားနိုင်သည်။ ဒုတိယကမ္ဘာစစ် ပြီးစအချိန် ရေကြောင်း၊ လေကြောင်း ခရီးလမ်းများ မဖွင့်နိုင်သေးမီက ရခိုင်ပြည်နယ်မှ တစ်ဆင့် အိန္ဒိယနိုင်ငံနှင့် ကူးသန်းရောင်းဝယ်ကြရာ ပန်းတောင်းမြို့သည် အလွန်စည်ကား၍ အရောင်းအဝယ် ဖွံ့ဖြိုးခဲ့ဖူးသည်။ တောင်ကုတ်တောင်ကြားလမ်းနှင့်မူ ပန်းတောင်းမြို့သည် ၃၉ မိုင်ခန့်သာ ဝေးသည်။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ ကားလမ်းဖြင့် တောင်ကြီးများကို ကျော်ဖြတ်သွားလျှင် မိုင် ၁၀၀ ခန့်သာ သွားရသည်။

ပန်းတောင်းမြို့နယ်၏ အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ရွှေတောင်မြို့နယ်၊တောင်ဘက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်နှင့် ထိစပ်လျက်ရှိပါသည်။ အနောက်ဘက်တွင် ရခိုင်ပြည်နယ်-တောင်ကုတ် မြို့နယ်၊ တို့နှင့် ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင်မကွေးတိုင်းဒေသကြီး-ကံမမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိပါသည်။

ပန်းတောင်းမြို့နယ်သည် အနောက်ဘက်တွင် ရခိုင်ရိုးမနှင့် ဆက်စပ်၍ တောင်ကုန်းတောင်တန်းပေါများပြီး၊ အရှေ့ဘက်တွင် ဧရာဝတီမြစ်ကမ်းထိ မြေပြန့်လွင်ပြင်အနည်းငယ်သာရှိပါသည်။

ပန်းတောင်းမြို့နယ်တွင် ဧရာဝတီမြစ်သည် မကွေးတိုင်း၊ ကံမမြို့နယ်စပ် မှ ဧရာဝတီတိုင်း၊ ကြံခင်းမြို့ နယ်စပ်အထိ ဖြတ်သန်းစီးဆင်းပြီး အရှည်မိုင်မှာ ၃၂.၅ မိုင်ရှည်လျား၍ အရှေ့မှအနောက်သို့ စီးဆင်းပါသည်။

ပန်းတောင်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့်ချောင်းများဖြစ်သည့် သနီချောင်းသည် ရခိုင်ရိုးမတောင်ခြေမှ ဘူးရိုးချောင်းအတွင်းသို့စီးဝင်ပြီး အရှည် ၁၄ မိုင်ရှည်လျားပါသည်။ ဘူးရိုးချောင်းသည် ရခိုင်ရိုးမတောင်ခြေမှ ဧရာဝတီမြစ်အတွင်းသို့ ၁၈ မိုင်ရှည်လျားပါသည်။ ကျောက်ဖူးချောင်းသည် ရခိုင်ရိုးမတောင်ခြေမှ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပြီး  ၂၇ မိုင်ရှည်လျားပါသည်။ ခဝါချောင်းသည် ရခိုင်ရိုးမတောင်ခြေမှ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပြီး ၆.၈ မိုင်ရှည်လျားပါသည်။ သူရဲတန်းချောင်းသည် ရခိုင်ရိုးမတောင်ခြေမှ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပြီး ၁၆ မိုင်ရှည်လျားပါသည်။ မြို့နယ်တွင် အမြင့်ဆုံးတောင်မှာ ညောင်ကျိုးတောင်ဖြစ်ပြီး ညောင်ကျိုးဒေသ၏ ပင်လယ်ရေမျက်နှာပြင်အမြင့်မှာ ၃၀၆၅ ပေဖြစ်ပါသည်။

ဒေသသမိုင်းအကျဉ်း

ပန်းတောင်းမြို့နယ်အမည်တွင်လာပုံမှာ ပုဂံခေတ်တွင် နရသီဟပတေ့မင်းသည် မွန်ဂိုတာတာတို့၏ ရန်ပြုကျူးကျော်မှုကို နှိမ်နှင်းရန် သားတော်ငယ်ဥဇနာရှိရာ ပုသိမ်မြို့သို့ စုန်ဆင်းလာခဲ့သည်။ နရသီဟပတေ့မင်း နှင့်အတူ သားတော်ပြည်စား သီဟသူနှင့်မိဖုရားစောလည်း လိုက်ပါလာခဲ့လေသည်။ ထိုအချိန်တွင် မိုးကျလာသည့်အတွက် တာတာစစ်သည်တို့ ပြန်လည်ဆုပ်ခွါသွားသောကြောင့် နရသီဟပတေ့မင်းလည်း ပုဂံသို့ဖောင်ဖြင့် ဆန်တက်တော်မူသည်။ ဤတွင်သားတော်ဥဇနာက မင်းကြီးအား သီဟသူ လုပ်ကြံမည်ဖြစ်ကြောင်း လျှောက်ထားရာ သီဟသူကို သံချေကျင်းခတ်၍စောင့်ခဲ့လေသည်။ ညအခါတွင် သီဟသူသည် ထွက်ပြေးလွတ်မြောက်ပြီးပြည်သို့ဆန်တက်ခဲ့လေသည်။ပြည်သို့ မရောက်မီ ယခုပန်းတောင်းမြို့တည်ရာအရပ်တွင် ထုံးဖွေးဖွေးနှင့်စေတီတစ်ဆူကို တွေ့မြင်ရလေသည်။ သီဟသူနှင့်မိဖုရားတို့သည် ထိုစေတီကို ဝင်ရောက်ဖူးမြော်၍ ဧကရာဇ်စင်စစ်ဧကံဖြစ်မည်မှန်က ကျွန်တော်မ၏ မြသဘက်သည် စေတီတော်တွင်ပတ်မိပါစေသားဟု အဓိဌာန်ပြုသည့်အတိုင်း မြသဘက်သည် စေတီတော်အား ပတ်မိလေသည်။ သီဟသူလည်း ပြည်မြို့သို့ ရောက်သည်နှင့် ဖခမည်းတော်နရသီဟပတေ့မင်းကို ပုန်ကန်ခြားနားရန် လူသူစုရုံးနေလေသည်။

နရသီဟပတေ့မင်းသည် မိဖုရားဖွားစော၏ ပြည်သို့ မဝင်သင့်ကြောင်းတားမြစ်ချက်ကို အလေးမမူပဲ ပြည်မြို့သို့ ဆန်တက်ခဲ့လေသည်။ထိုအချိန်တွင်သီဟသူသည် ကြိုတင်အကြံအစည်ရှိသည့်အတိုင်း နရသီဟပတေ့မင်းကြီးအား ပြည်မြို့သို့ ဆက်လက်ဆန်တက်ခြင်းမပြုရန် တားမြစ်လေသည်။ ထို့အပြင် အဆိပ်ခတ်ထားသည့် ထမင်းကိုလည်း မင်းကြီးထံပို့၍ ပွဲတော်တည်ပါဟု မှာကြားလိုက်သည်။ နရသီဟပတေ့မင်းကြီးသည် ပွဲတော်တွင် အဆိပ်ခတ်ထားကြောင်းသိ၍ ပွဲတော်မတည်ဘဲနေသည်။ ထိုအကြောင်းကို သီဟသူကြားလျှင် ဓါးလွတ်ကိုင်ရဲမက် ၃၀၀ အား စေလွှတ်၍ မင်းကြီး၏ဖောင်တော်ကို ဝန်းရံထားစေသည်။

သေဘေးမှ မလွတ်မြောက်နိုင်တော့ကြောင်းသိရသဖြင့် မင်းကြီးသည်မိဖုရားဖွားစောအား ယခုအခြေအနေ၌ မည်ကဲ့သို့ ပြုလုပ်သင့်သလဲဟု မေးမြန်းတိုင်ပင်သည်။ မိဖုရားကြီးဖွားစောက “အရှင်မင်းကြီး သေရမည့် အတူ သူ့ဓါး၊ လက်နက်ဖြင့် သွေးသံရဲရဲသေရသည်ထက် အဆိပ်ဖြင့်သေရခြင်းကောင်းသေး” ဟု လျှောက်ထားလေရာ၊ ယုံကြည်လွယ်သော နရသီဟပတေ့မင်းသည် အဆိပ်ထမင်းကို စားသုံး၍ ကံတော်ကုန်လေသည်။

သီဟသူသည် ခမည်းတော်အား လုပ်ကြံပြီးနောက် ဥဇနာရှိရာ ပုသိမ်သို့စုံဆင်းခဲ့လေသည်။ လမ်းခရီးတွင် မိမိပထမက ဆုတောင်းအဓိဌာန်ပြုခဲ့သည့်စေတီတော်သို့ ရောက်သော် စခန်းချရပ်နားလေသည်။ ထို့နောက် ယင်းစေတီအားငုံ၍စေတီတစ်ဆူတည်တော်မူကာ ထိုစေတီတော်ကို ဆုတောင်းပြည့်စေတီတော်ဟု တွင်စေသည်။ ထို့ပြင် ပြည်စားသီဟသူက ဘုရားတွင် ဆုပန်တောင်းခဲ့သည်ကို အစွဲပြု၍လည်းကောင်းမိဖုရားဖွားစောမှ နရသီဟပတေ့မင်းကြီးအား သားတော်သီဟသူထံမဝင်ပါရန် (ပန်ကြားတောင်းပန်) ပန်တောင်းခဲ့သည်ကို အကြောင်းပြု၍ ပန်းတောင်းမြို့ဟု သမိုင်းတွင်လာလေသည်။

ပန်းတောင်းမြို့အား ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏(၃၀.၈.၁၉၇၂) ရက်စွဲပါစာအမှတ်၊ ၁၀၃/၂၄/စိတ်(၁)ဖြင့် ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာဖြင့်ဖွဲ့စည်းခဲ့ပါသည်။

ဥရှစ်ပင်မြို့ အား ပြည်ထဲရေးဝန်ကြီးဌာန၏(၂၃-၅-၂၀၁၃)ရက်စွဲပါ စာအမှတ်၊၂၀၀/၂၂-၄၀၂/ဦး၁(၂၁၂)ဖြင့် ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာ များအားပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၃၁.၁.၁၉၇၃)ရက်စွဲပါစာအမှတ်၊၃/၁၅၁/အထ(၂)ဖြင့် ထုတ်ပြန်သည့် အမိန့် ကြော်ငြာစာဖြင့်လည်းကောင်း၊ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ (၆.၁၀.၂၀၀၀) ရက်စွဲပါစာအမှတ်၊၁၀၀/၂၃-၁၀၀/ ဦးဖြင့် ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏(၃.၃.၂၀၀၅)ရက်စွဲပါစာအမှတ်၊ ၂၀၀/၂၃-၁၀၀/ဦး၁ဖြင့်ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာများဖြင့် လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၃-၅-၂၀၁၃)ရက်စွဲပါ စာအမှတ်၊၂၀၀/၂-၄၀၂/ဦး(၂၁၂)ဖြင့် ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပါသည်။

Attractions in ပန်းတောင်း